သြဂုတ်လဒုတိယပတ်အတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်ရရှိ

Thu, 08/25/2016 - 06:13 -- admin_ygn

        ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် သြဂုတ် ၆ ရက်မှ ၁၂ ရက် အထိ ပို့ကုန် တင်ပို့နိုင်မှုအခြေအနေမှာ  အမေရိကန်ဒေါ်လာ ၃၄၈ ဒသမ ၉၂ သန်း၊ သွင်းကုန်တင်သွင်းနိုင်မှုမှာ အမေရိကန် ဒေါ်လာ ၂၄၃ ဒသမ ၄၈၈ သန်း ဖြစ်ပြီး၊ ကုန်သွယ်မှုပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၉၂ ဒသမ ၄၀၈ သန်းဖြစ်ပါတယ်။ ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၄၃၂ သန်းဖြစ်ပြီး ထိုသို့ ပိုမိုရခြင်းမှာပြောင်း၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့ ပိုမိုတင်ပို့နိုင်ခဲ့ လို့ ဖြစ်ပါတယ်။
        ယခုတစ်ပတ်အတွင်းမှာ  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှရော ကုန်သွယ်ရေးစခန်းများမှပါ ပို့ကုန်ပိုမို တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပင်လယ်  ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄၅ ဒသမ ၉၄၅ သန်းနဲ့ သွင်းကုန်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၈၂ ဒသမ ၁၄၈ သန်းဖြစ်တဲ့အတွက် ကုန်သွယ်မှုပိုငွေမှာ  အမေရိကန် ဒေါ်လာ ၆၃ ဒသမ ၇၉၇ သန်းဖြစ်ပါတယ်။
        ကုန်သွယ်ရေး စခန်းများမှ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၉၇၅ သန်းဖြစ်ပြီး၊ သွင်းကုန်တင်သွင်းမှုမှာ ၆၁ ဒသမ ၃၄၀ သန်းဖြစ်တဲ့အတွက် ကုန်သွယ်မှုပိုငွေမှာ အမေရိကန် ဒေါ်လာ ၄၁ ဒသမ ၆၃၅ သန်းဖြစ်ပါတယ်။ တစ်ပတ်အတွင်း စုစုပေါင်းကုန်သွယ်မှုပိုငွေမှာ အမေရိကန် ဒေါ်လာ ၁၀၅ ဒသမ ၄၃၂ သန်းဖြစ်ပါတယ်။ ယခင်တစ်ပတ်က ကုန်သွယ်မှုပိုငွေမှာ  အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၇၅ သန်းသာဖြစ်တဲ့ အတွက် ယခုတစ်ပတ် ကုန်သွယ်မှုပိုငွေမှာ အမေရိကန် ဒေါ်လာ ၁၀၃ ဒသမ ၆၅၇ သန်းပိုမိုလာကြောင်း သိရှိရပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages