မြန်မာနိုင်ငံထွက် သရက်၊ ဖရဲ၊ သခွားမွှေးနှင့်ကုလားဆီးသီးတို့ တရုတ်နိုင်ငံသို့ လွတ်လပ်စွာ တင်ပို့နိုင်ပြီဖြစ်

Fri, 12/13/2019 - 04:36 -- admin_ygn

       ၂၀၁၇ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်မှုအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(General Administration of Quality Supervision, Inspection and Quarantine-AQSIQ) အဖွဲ့မှ မြန်မာနိုင်ငံ အနေဖြင့် မင်းကွတ်သီး၊ Longan(တောကြက်မောက်သီး)၊ ကြက်မောက်သီး၊ လိုက်ချီးသီး စသည်တို့အား ပင်လယ်ရေ ကြောင်းနှင့်နယ်စပ် နှစ်မျိုးစလုံးမှတင်ပို့နိုင်ပြီး    သရက်သီး၊ ဖရဲသီး၊သခွားမွှေး၊ ကုလားဆီးသီးများကို နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းဖြင့် မူဆယ်-ရွှေလီနှင့် မိုင်းလား-တာလော့ ဂိတ်ပေါက်နှစ်ခုမှသာတရားဝင် တင်ပို့နိုင်ကြောင်း ထုတ်ပြန် ထားရှိသည်။  
     မြန်မာနိုင်ငံအနေဖြင့်တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုပြုရာ တွင် မူဆယ်-ရွှေလီ၊ ချင်းရွှေဟော်-မိန့်တိန်၊ ကန်ပိုက်တီ-ဟိုချောင်၊ လွယ်ဂျယ်-ကျန်းဖုန်း စသည့် နယ်စပ်ဂိတ် လေးခုမှ ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒအရ ကုန်စည်အမျိုးအမည်အလိုက်   တရားဝင်ခွင့်ပြုထားသည့် နယ်စပ်ဝင်ပေါက်များမှသာလက်ခံခြင်းဖြစ်၍  ခွင့်မပြုသည့် နယ်စပ်ပေါက်များမှ တရားဝင်တင်ပို့ရာတွင် ခက်ခဲလျက်ရှိပါ သဖြင့် နှစ်ဖက်အပြန်အလှန်  တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) အနေဖြင့် ယခင်ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံနှင့်ဒေသအလိုက် တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ရရှိသည့် သစ်သီးများစာရင်းတွင်   မြန်မာနိုင်ငံအနေဖြင့် သရက်သီး၊ ဖရဲသီး၊ သခွားမွှေးနှင့် ကုလားဆီးသီး စသည့်သစ်သီးလေးမျိုး အား မူဆယ်-ရွှေလီနှင့်မိုင်းလား-တာလော့ဂိတ်နှစ်ခုမှသာ တင်သွင်းခွင့်ပြုသည့် ကန့်သတ်ချက်အား    ၂၀၁၉   ခုနှစ် အောက်တိုဘာ  ၁၆ ရက်မှစ၍  ဖယ်ရှားပေးပြီးဖြစ်ကြောင်းကို ၎င်းတို့၏ တရားဝင် Website  တွင် ဖော်ပြထားကာ မြန်မာ နိုင်ငံထွက် သစ်သီးများဖြစ်သည့်   သရက်သီး၊  ဖရဲသီး၊ သခွားမွှေးနှင့် ကုလားဆီးသီးစသည့်  သစ်သီးလေးမျိုးတို့အား မူဆယ်-ရွှေလီ၊ မိုင်းလား-တာလော့ဂိတ်ပေါက်တို့အပြင် မြန်မာ-တရုတ်နယ်စပ်ဒေသတွင် တရားဝင်ဖွင့်လှစ် ထားရှိသည့် ချင်းရွှေဟော်-မိန့်တိန်၊  ကန်ပိုက်တီ-ဟိုချောင်၊ လွယ်ဂျယ်-ကျန်းဖုန်း စသည့်  နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့  လွတ်လပ်စွာတင်ပို့နိုင်ပြီဖြစ်ကြောင်း  အသိပေးဖော်ပြလိုက်ရ ပါသည်။

 

ဒေါက်တာနုနုခိုင်