မန္တလေးတိုင်းဒေသကြီးတွင် အိမ်ခြေ ၇၀ ရာခိုင်နှုန်းကျော် ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး ၃၀ ရာခိုင်နှုန်းကျော်မှာ ကျေးရွာများသို့ ဓါတ်အားဖြန့်ဖြူးပေးရန်ကျန်

Tue, 05/07/2013 - 08:32 -- admin

မန္တလေးတိုင်းဒေသကြီးမှာ ဓါတ်အားသုံးစွဲသူ ၄ သိန်းနီးပါးရှိပြီး၊ မန္တလေးမြို့ပေါ်မှာဓါတ်အားသုံးစွဲသူ ၂ သိန်းနီးပါးရှိကြောင်း သိရပါတယ်။ လတ်တလောမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အိမ်ခြေ ၇၀ ရာခိုင်နှုန်းကျော်သာ ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး ၃၀ ရာခိုင်နှုန်းကျော်မှာ ကျေးရွာများကို ဖြန့်ဖြူးပေးဖို့ ကျန်ရှိသေးကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ နွေရာသီကာလအတွင်း အုပ်စု ၃ စုခွဲပြီး၊ ၃ နာရီဓါတ်အားပြတ် ၆ နာရီဓါတ်အား ပေးစနစ်နဲ့ အလှည့်ကျဓါတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး၊ ညနေ ၅ နာရီမှ နံနက် ၅ နာရီအတွင်းကို အလင်းရောင်သုံးစွဲ နိုင်ဖို့ အိမ်ခြေအားလုံးကို ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက "တိုင်းဒေသကြီးတစ်ခုလုံးသုံးစွဲမှုမှာ မန္တလေးမြို့ပေါ်က တစ်ဝက်လောက်သုံးစွဲမှုရှိတယ်။ မန္တလေးတိုင်းတစ်တိုင်းလုံးမှာ နွေရာသီ ၄၀၀ မဂ္ဂါဝပ်သုံးစွဲမှုရှိ ပြီး၊ မြို့ပေါ်မှာတော့ ၂၀၀ မဂ္ဂါဝပ်သုံးစွဲမှုရှိတယ်။ ခုလိုရေအားနည်းနေတဲ့ အချိန်မှာ တစ်ဦးချင်းစီက ၄ ပေမီးချောင်းတစ် ချောင်း ချွေတာရင် ၈ မဂ္ဂါဝပ်သက်သာမယ် ၈ မဂ္ဂါဝပ်ပမာဏက အိမ်ခြေ ၁၅၀၀၀ လောက်ကို ဓါတ်အားပေးနိုင် တယ်။ ဝပ်နည်းနည်းသုံးပြီး အလင်းရောင်တူတာမျိုးကို ဓါတ်အားချွေတာပြီး သုံးစေချင်တယ်" လို့ ပြောပါတယ်။
အလင်းရောင်သုံး ဓါတ်အားထုတ်လွှတ်ပေးနေစဉ်အတွင်း လုပ်ငန်းသုံးအတွက် ဓါတ်အားသုံးစွဲမှုမပြုဖို့ တားမြစ်ထားပါတယ်။ "ခုလို နွေရာသီမှာ ညပိုင်းအလင်းအားပေးလို့ရအောင် ဓါတ်အားလုံလောက်ဖို့အတွက် လုပ်ငန်းသုံးမလုပ်ဖို့တားမြစ်ထားတယ်။ စက်မှုဇုန်မှာလည်း အလင်းရောင်သုံးဖို့ ပေးထားတယ်။ စက်မှုလုပ်ငန်းတွေက စက်မှုဇုန်မှာတင်မက မြို့ထဲမှာလည်း လုပ်ငန်းတွေရှိလို့ အလင်းပေးချိန်မှာ မသုံးစွဲဖို့တားမြစ်ထားပါတယ်။ လုပ်ငန်းသုံးတဲ့သူတွေကလည်း ညပိုင်းရေရှည်သုံးလို့ရအောင် တားမြစ်ထားတဲ့အတိုင်း လိုက်နာစေချင်တယ်။ မေ၊ ဇွန်၊ ဇူလိုင်လတွေမှာ ချွေတာပြီးသုံးစေချင်တယ်" လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ယခုနှစ်မှာ မရမ်းခြံဓါတ် အားခွဲရုံမှ စက်ရေတွင်းကို ဓါတ်အားဖြန့်ဖြူးပေးကြောင်း၊ ဒီဇယ်မီးစက် ၂ လုံးနဲ့ ဆေးရုံ၊ ဆက်သွယ်ရေး၊ ဘူတာကြီးကို ဓါတ်အားဖြန့်ဖြူးပေးကြောင်း သိရပါတယ်။
ဇူးဇူး - မန္တလေး

Local Trade News

Pages