ကမ္ဘာမြေကိုကာကွယ်ဖို့ ပလတ်စတစ်သုံးစွဲမှုလျှော့ချကြပါစို့

Mon, 06/10/2019 - 05:38 -- admin_ygn

          လူ့အမှု ပူမှုရယ်တဲ့ ဆယ်ကုဋေဟု ဆိုရမလိုပင်။ လူတို့၏ အတ္တ၊ လောဘ၊ မာန်မာနတို့ကြောင့် အပူမီးများတောက်လောင်နေကြသည်။ အလိုလိုနေရင်း ဒေါသစိတ်တွေကြီးထွားနေကြသည်။ အဆင်အခြင်မဲ့ လာသည်။ သာမာန်ကိစ္စလေးများကို အကြောင်းပြု၍ ကြောက်စရာ ကောင်းလှသော ပြစ်မှုများကို လွယ်လွယ်ကျူးလွန်လာနေကြသည်။ ကိုယ်ချင်းစာတရား၊ မေတ္တာတရားများပွားများရန် မေ့လာကြသည်။ ပြစ်မှုဆိုင်ရာ သုတေသနပညာရှင် များကလည်း ပြောကြသည်။ လူတို့ ယခုကဲ့သို့ ဖြစ်ပွားရာတွင် ကမ္ဘာကြီး ပူနွေးလာမှုကလည်း အခန်း ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေသတဲ့လေ။ ဘာမှတော့မဆိုင်သလိုပဲ ဒါပေမဲ့ သုတေသနရလဒ်တွေအရ အအေးပိုင်းနိုင်ငံတွေ ထက် အပူပိုင်း နိုင်ငံတွေက ပြစ်မှုကြီးတွေ ကျူးလွန်မှု ပိုမိုများပြားတာက သက်သေပင် ဖြစ်နေလို့ လက်ခံရခက်ခဲပေမယ့် လက်ခံခဲ့ရသည်။ လက်ရှိကမ္ဘာပေါ်တွင် သဘာဝကပေးထားသော လက်ဆောင်မွန်များကို လွယ်လွယ်ကူ ကူ ရယူသုံးစွဲနေသည်။ စီးပွားရေး၊ ကြီးပွား ရေးအတ္တများ အမှောင်ဖုံး၍ သဘာဝကပေးထားသော လက်ဆောင်မွန်များကို တန်ဖိုးမထား၊ ဖျက်ဆီးသကဲ့သို့ ဖြစ်လာနေသည်။ ရှားပါးလာသော ရေချို၊ ညစ်ညမ်းလာသော လေထုနှ င့် ကျဉ်းမြောင်းလာသော မြေတို့ကြောင့် ကမ္ဘာကြီးသည် ပျက်စီးချို့ယွင်းမှု အရှိန် အဟုန်မြန်မြန်ဖြစ်လာနေသည်။ ဘယ်သူမပြု မိမိမှုပင် ဖြစ်သည်။  အသိÓဏ်အဆင့်မြင့်သော၊ တွေးခေါ်မြော်မြင်နိုင်မှုမြင့် မားသော လူတို့ကြောင့် ပင်ဖြစ်သည်။ သဘာဝပေးသော နေရာမြေ၊ သောက်စရာ ရေနှင့် ရှုစရာလေတို့ကို အလကားနီးနီးလောက်ရနေသဖြင့် တန်ဖိုး ထားရကောင်းမှန်းမသိပေ။ ထိုမြေ၊ လေနှင့် ရေတို့ကို ထာဝစဉ်ရရှိမည် ဟု ထင်မြင်ယူဆနေကြ သည်။ ထို့ကြောင့်ပင် လူသားတို့၏ အပြစ် ခြောက်ပါးကို သဘာဝပတ်ဝန်းကျင် ပညာရှင်များက သတိမူမိစေ ရန်နှင့် ဆင်ခြင်မိနေစေရန် ဖော်ပြကြသည်။
          လူသားတို့က အရေးမကြီးဟု ထင်မြင်ယူဆကာ အပြစ်ခြောက်ပါးကို ကျူးလွန်နေကြ၍ ကမ္ဘာကြီးသည် တဖြည်းဖြည်းခံနိုင်ရည် စွမ်းရည်၊ အကျိုးပြုပေးနိုင်မှုစွမ်းရည်များ ခြောက်ခန်းလာနေသည်။ လူသားတို့၏ အပြစ်ေြ ခာက်ပါးဖြစ်သည့် သဘာဝအရင်းအမြစ်များ သည် သုံးမကုန်၊ စားမကုန်ဖြစ်နေသည်ဟုလည်းကောင်း၊ သဘာဝသည် လူသားတို့ ထုတ်လုပ်၊ သုံးစွဲ၊ စွန့်ထုတ်လိုက်သော အညစ်အကြေးမှန်သမျှကို စုပ်ယူသိမ်းဆည်း လက်ခံနိုင် သည်ဟုလည်းကောင်း၊ သဘာဝမျိုးစိတ်များကို အလေးမထား၊ ဂရုမပြုဘဲ နောင်မျိုးစိတ်တွေ ထပ်ရှိလာမည်ဟု သဘောထား၍ အစွမ်းကုန် ဖျက်ဆီးနေ၍လည်း ကောင်း၊ မိမိတို့၏ ခန္ဓာကိုယ်သည် မိမိတို့ ထုတ်လုပ်သော ပစ္စည်း များ၏ ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်သည်၊ ခုခံနိုင်သည်ဟု အထင်တကြီး ယုံကြည်လက်ခံနေ၍ လည်းကောင်း၊ သဘာဝကပေးအပ်သော အရင်းအမြစ်များအားလုံးကို သိပ္ပံနည်းပညာဖြင့် ပြုလုပ် နိုင်သည်ဟု စိတ်ကြီးဝင်နေ၍လည်းကောင်း၊ လူ့အဖွဲ့အစည်းကို နည်းပညာများဖြင့် လွယ်လွယ်ကူကူပင် အုပ်ချုပ်၊ စီမံ၊ ခန့်ခွဲနိုင်သည် ဟု ခပ်လွယ်လွယ်ယူဆနေကြ၍လည်းကောင်း၊ သဘာဝကို အလေး မထား အဆိုပါအပြစ်ခြောက်ပါးကို ထမင်းစား ရေသောက်ပမာ လွယ်လွယ်ကျူးလွန်နေကြသည်။
       တစ်လောက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနရှိ တိုင်းဦးစီးမှူးရုံးတစ်ရုံးက ပလတ်စတစ်ရေဘူးတွေနေရာမှာ ဖန်ဘူး၊ ဖန်ခွက်နဲ့ အစားထိုးပြီး အစည်း အဝေးတစ်ခု လုပ်ခဲ့တယ်။ အတုယူစရာလုပ်ဆောင်မှုလို့ ကျွန်တော်ထင်သည်။ အခမ်းအနားတစ်ခုလုပ်ပါက သုံးစွဲလိုက်ရတဲ့ ပလပ်စတစ် ရေသန့်ဘူး နည်းတာမဟုတ်ပေ။ အခမ်းအနားတစ်ခု ပြီးဆုံးပါက သုံးစွဲလိုက်ရသော ရေသန့်ဘူးခွံများကို သန့်ရှင်းေ ရးသမားများက သိမ်းဆည်းသည်။ မြေကြီးထဲရောက်တာတွေရှိသည်။ မီးရှို့ဖျက်ဆီး လိုက်တာတွေရှိသည်။ ရောင်းတာတွေရှိသည်။ ဝယ်သူကလည်း အရည်ကျိုကာ အခြား ပလတ်စတစ်အသုံးအဆောင်များပြန်လည် ထုတ်လုပ် ကြသည်။ အဲဒီ ပလတ်စတစ်ဘူးခွံ မြေကြီးထဲရောက်သွားရင် နှစ်ထောင်ချီ မပျက်မစီးရှိနေတတ်တယ်။ မီးရှို့လိုက်ရင်လည်း ပလတ်စတစ်ညှော်နံ့တွေကြောင့် ရောဂါရတယ်။ ဘာများကောင်းတာရှိလို့လည်း ငွေကုန်တယ်၊ ရောဂါ ရတယ်၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်စေတယ်။ ရုံးတိုင်း၊ အိမ်တိုင်းမှာရေကို ဖန်ဘူး၊ ဖန်ခွက်လေး တွေနဲ့ ဧည့်ခံကြရင်၊ အသုံးပြုကြရင် ပလတ်စတစ်ကိုလည်း သုံးစွဲမှု ချွေတာရာရောက်တယ်။ သဘာဝပတ်ဝန်းကျင် ကိုလည်း မပျက်စီးစေဘူး။ ငွေကိုလည်း ချွေတာရာရောက်တယ်။ ဒါလောက်ကောင်းတဲ့ ဆောင်ရွက်မှုမျိုးကို ကျွန်တော်တို့ အတုယူသင့်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ပြောင်းလဲအသုံးပြုသင့်ပါတယ်။ ဤကဲ့သို့လူသားတို့၏ နေထိုင်မှု၊ ဝတ်စား ဆင်ယင်မှု၊ စားသောက်မှုပုံစံများကြောင့် ကျွန်တော် တို့ နေထိုင်ရာကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ဖြစ်မှာ စိုးရိမ်မိ သည်။
         သဘာဝသည် လူသားတို့ စွန့်ထုတ်သော အညစ်အကြေး မှန်သမျှကို စုပ်ယူ သိမ်းဆည်းနိုင်သည်ဟု အမြင်မှားနေမှုကိုလည်း ပယ်ဖျောက်ထားသင့်သည်။ သဘာဝမိခင်မြေကြီးအတွက် အာဟာရ ဖြစ်စေမည့် အညစ်အေ ကြးများများသာ စုပ်ယူနိုင်ပြီး၊ ပလတ်စတစ် ပစ္စည်းများ၊ ဓာတုပစ္စည်းများကိုမူ မစုပ်ယူ၊ မဖျက်ဆီးနိုင်ပေ။ ကမ္ဘာ မြေကြီးအတွက် အန္တရာယ်ရှိသော စွန့်ပစ်မှုများဖြစ်နေသည်ကို သတိ ထားသင့်သည်။ သဘာဝမျိုးစိတ်များမှာ အသစ်တစ်ဖန်ရှင်သန်နေမည်ဟု အထင်မှားနေမှုများကိုလည်း စဉ်းစားသင့်သည်။  သဘာဝကပေးအပ်ထားသော မျိုးစိတ်လေးသန်းခန့်သည် လူသားတို့၏ မဆင်မခြင် ဆောင်ရွက်မှုများကြောင့် ကွယ်ပျောက်သွားပြီဖြစ်သည်။ ဆက်လက် ၍လည်း အပင်များ၊ တိရစ္ဆာန်များ၊ မြေဆီလွှာများသည် အရှိန်အဟုန် ဖြင့် ကွယ်ပျောက်နေသည်။ သတိထားဆင်ခြင်ကာ သုံးစွဲမှသာလျှင် သဘာဝမျိုးစိတ်များကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ လူသား တို့၏ အနာဂတ် မျိုးဆက်သစ်များအတွက် သဘာဝကပေးသော မျိုးစိတ်များကို ကာကွယ်သင့်သည်။ ထိန်းသိမ်းစောင့်ရှောက်သင့်ပါ သည်။ လူသားတို့၏ခန္ဓာကိုယ်သည် လူသားတို့ထုတ်လုပ်သော ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်သည် ခုခံနိုင်သည်ဟု အထင် တကြီး ယုံကြည်မှုများသည်လည်း သဘာဝကို အကျိုးမပြုပေ။ သဘာ၀ နှင့် လူသားတို့သည် တစ်ခုနှင့်တစ်ခု ကွင်းဆက်ပမာ အမှီသဟဲပြုကာ နေထိုင်ကြခြင်းဖြစ်၍ တစ်ဖက်ဖက်တွင် ဆိုးကျိုးဖြစ်ပါက တစ်ဖက်တွင် ခံစားရမည်မှာ မုချပင်ဖြစ်သည်။
       သဘာဝကပေးသော အရင်းအမြစ်အားလုံးကို သိပ္ပံပညာဖြင့် ပြုလုပ်နိုင်သည်ဟု စိတ်ကြီးဝင်နေမှုများလည်း မဖြစ်သင့်ပေ။ သိပ္ပံ ပညာမည်မျှပင် တိုးတက်ပါစေ၊ ဖွံ့ဖြိုးပါစေ၊ သဘာဝပစ္စည်းများကို မည်သို့ပင်တုပထားပါစေ၊ သဘာဝပစ္စည်းများကို မှီနိုင်မည်မထင်ပေ။ ပလပ်စတစ်ပန်းနှင့် သဘာဝပန်းများရောစပ်ထားသော ပန်းဥယျာဉ်ထဲ တွင် ပျားများသည် ပန်းအစစ်ထံမှသာ ဝတ်ရည်စုပ်မည်မှာ အသေ အချာပင်ဖြစ်သည်။ သိပ္ပံပညာဖြင့် သဘာ၀ တရားကြီးကို တုပခဲ့ရာမှ ပလတ်စတစ်ကဲ့သို့ ပစ္စည်းများကြောင့် သဘာဝတရားကြီးသည် ပျက်စီးလာနေသည်။ လူတွေသေကြေ ရောဂါရကြသည်။ ကမ္ဘာကြီး မရှိပါက၊ လူသားများ ပျောက်ကွယ်ပါက၊ သိပ္ပံပညာသည်လည်း နတ္ထိ ဖြစ်သွားမည်ကို ဂရုပြုသင့်ပါသည်။ လူသားများကို လွယ်လွယ်ကူကူ အုပ်ချုပ်စီမံကွပ်ကဲနိုင်သည် ကို ယေဘုယျယူဆချက်များမှာလည်း မှားယွင်းနေဆဲဖြစ်သည်။ လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ အတ္တ၊ လောဘများဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးကို လွယ်လွယ်ကူကူထိန်းချုပ်ရန် မလွယ်ကူပေ။ သဘာ၀ တရားကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန် လက်ခံသူရှိမည်၊ လက်မခံ သူရှိမည်၊ လိုက်ပါဆောင်ရွက်သူရှိမည်၊ ဘေးရှောင်နေသူရှိမည်၊ သဘာဝတရားကြီးကတော့ သူ့ကို ကူညီမည့်သူကို မျှော်လင့်နေဆဲ ပင်ဖြစ်သည်။
        ပလတ်စတစ်ပစ္စည်းများကို မဆင်မခြင်သုံးစွဲနေမှုများကြောင့် စက္ကန့် ၃၀ တိုင်း လူတစ်ဦး သေဆုံးနေသတဲ့လေ။ အံ့သြထိတ်လန့် စရာပင်ဖြစ်ပါသည်။ ပြီးတော့ ပလတ်စတစ်ပစ္စည်းများကြောင့် ကင်ဆာရောဂါအပါအဝင် အခြားဆက်နွှယ်သော ရောဂါများကြောင့် နှစ်စဉ် လူသားတစ်သန်းခန့် အသက်သေဆုံးလျက်ရှိနေ ကြတယ်လို့ မီဒီယာများတွင် ဖော်ပြထားချက်များအရ သိရှိရပြန်သည်။ မကြာမီ ကလည်း ကမ္ဘာ့သမုဒ္ဒရာတွေရဲ့အနက်ကို တိုင်းတာတဲ့အဖွဲ့သည် ပေတစ်သောင်းကျော် အနက်သို့အရောက်မှာ ပလတ်စတစ် စွန့်ပစ် ပစ္စည်းများကို ထူးခြားစွာတွေ့ရလို့ အံ့သြမှုဖြစ်သည်ဟု ဆိုပါသည်။ ပလတ်စတစ်တွေကို အစာအမှတ်စားမိတဲ့ ကုန်းနေ၊ ရေနေသတ္တဝါတွေ သေကျေပျက်စီးကြရတာတွေကိုလည်း တွေ့မြင်နေရလို့ စိတ်မကောင်း ဖြစ်မိသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံရှိတချို့သော ဆိုင်များတွင် ကိုယ်ပိုင် အိတ်ဖြင့် ဈေးဝယ်လာပါက ချိုချဉ်၊ သကြားလုံးများ လက်ဆောင် ပေးခြင်း၊ စားသောက်ဆိုင်များတွင်  ချိုင့်ဖြင့်လာရောက် ဝယ်ယူပါက ဟင်းများအပိုထည့်ပေးခြင်း၊ သဘာဝပစ္စည်းများဖြင့် ထုတ်လုပ်ထား သည့် ထည့်စရာအိတ်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း များဆောင်ရွက်နေသော်လည်း ပလတ်စတစ်ရေသန့်ဘူး ယဉ်ကျေး မှုသည် ပို၍ပို၍ များပြားလာနေပါသည်။ ပညာပေးမှုများရှိသော်လည်း လိုက်နာဆောင်ရွက်မှုမရှိခြင်းမှာ အတ္တ၊ လောဘသားများကြောင့် လား၊ အပြစ်ခြောက်ပါးကို မသိ၍ဘဲလား မသိနိုင်ပေ။
           သို့ဖြစ်ပါ၍ အတ္တ၊ လောဘ၊ ဒေါသကင်း၍ ကိုယ်ချင်းစာတရား၊ မေတ္တာတရားပြည့်ဝသော စိမ်းလန်းစိုပြည်သည့်နိုင်ငံဖြစ်လာစေရေး အတွက်ပြည်သူများအားလုံးမှ လိုက်ပါဆောင်ရွက်ကြစေချင်ပါသည်။ အပြုံးပန်းေ တွဝေဆာပြီး သန့်စင်သောလေကို ရှု၍၊ အေးမြကြည်လင် သောရေကို ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ရေးအတွက် သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်သည့် စိတ်ဓာတ်များ ကိန်းအောင်းစေချင်ပါသည်။ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများနေရာ တွင် ရေရှည်အသုံးပြုနိုင်သည့် အန္တရာယ်ကင်းပစ္စည်းများဖြင့် အစားထိုးသုံးစွဲစေချင်ပါသည်။ အနာဂတ် မျိုးဆက်များအတွက် သန့်စင်သော ကမ္ဘာမြေကို လက်ဆောင်အဖြစ် ပေးအပ်ရန် စံနမူနာ ကောင်းများ ပြပေးစေချင်ပါကြောင်း စေတနာထား တိုက်တွန်းအပ်ပါသည်။

 

နိုင်ဦး (DOCA)

Local Trade News

Pages