ဆီထွက်သီးနှံဆိုင်ရာ လက်စွဲစာအုပ်ပေးအပ်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် ပညာပေးဟောပြောပွဲကျင်းပ

Thu, 02/29/2024 - 05:14 -- mocadmin

   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ “ဆီထွက်သီးနှံစိုက်ပျိုးသည်မှ ဝယ်ယူ သိုလှောင်သည်အထိ တောင်သူ၊ ကုန်သည်နှင့် လုပ်ငန်းရှင်များလိုက်နာရမည့် အချက်အလက်များ” လက်စွဲစာအုပ်ပေးအပ်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် ပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ဌာနဆိုင်ရာအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ပညာရှင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ၊ ဦးဆန်းလင်းနှင့် စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ၊ နေပြည်တော်ကောင်စီနယ်မြေမှ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs) အသင်းဝင်များ တက်ရောက်ကြပါသည်။

   အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စု ဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဆီထွက်သီးနှံလက်စွဲ စာအုပ်ပေးအပ်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် ပညာပေးဟောပြောပွဲ ကျင်းပရသည့်အကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အဆိုပါလက်စွဲစာအုပ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များအား ပေးအပ်ခဲ့ပါသည်။

   ထို့နောက် မြန်မာနိုင်ငံရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဆီသုံးစွဲမှုများလေ့လာခြင်းစာတမ်းနှင့် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ဆီစားသုံးမှုအခြေအနေ သုတေသနတွေ့ရှိချက်တို့အား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)၊  ဒေါက်တာသိင်္ဂီမြင့်က ဖတ်ကြားရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါက်တာခင်ဇာကျော်၊ လက်ထောက်ညွှန်ကြားရေးမှူးက လည်းကောင်း၊ စားသုံးဆီကြိတ်ခွဲထုတ်လုပ်မှုအခြေအနေအား လေ့လာတင်ပြခြင်းနှင့် ခေတ်မီဆီကြိတ်ခွဲစက်များ၏ ဆောင်ရွက်နိုင်မှုအခြေအနေကို မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ၊ ဦးအောင်ရွှေနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ ဦးရဲဟိန်းကျော်တို့ကလည်းကောင်း၊ စားသုံးဆီများနှင့် ဆီအရည်အသွေးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာပြည့်ဖြိုးကလည်းကောင်း “စားသုံးဆီနှင့် စားသုံးသူအခွင့်အရေး”ကို  စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်အိအိချောကလည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးမှုများအပေါ် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းပြီးပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

Pages