စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များရှိ ကုန်သွယ်ရေးစစ်ဆေးရေးဂိတ်များအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၄ ရက်

Sun, 02/25/2024 - 13:00 -- mocadmin

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အဝင်ရှိ ကျိုင်းဖောင်းကုန်ပစ္စည်းစစ်ဆေးရေးဂိတ်နှင့် ကျိုင်းတုံမြို့အထွက်ရှိ နောင်နွမ်း ကုန်ပစ္စည်းစစ်ဆေးရေးဂိတ်များသို့ သွားရောက်၍ ကုန်သွယ်မှုလုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် ပို့ကုန်ကုန်တင် ယာဉ်များ စစ်ဆေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မိမိနိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်းများ စံချိန်စံညွှန်းမီဖြစ်စေရေး၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်စေရေးနှင့် ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေး အလေးထားဆောင်ရွက်ရေး၊ နည်းပညာအရဆောင်ရွက်သည့် QR code စနစ်အတိုင်း တိကျစွာ စိစစ်မှတ်တမ်းတင်ရေးနှင့် လုပ်ငန်းများကို အဂတိလုံးဝကင်းရှင်းစွာဖြင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့၊ ပို့ကုန် သွင်းကုန်ရုံးသို့ ရောက်ရှိရာ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော စီးပွားရေး ဦးတည်ချက်များ၊ လုပ်ငန်းစဉ်များအတိုင်း လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြရန်၊ စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းများဖြစ်စေရေးနှင့် အဂတိလုံးဝကင်းရှင်းစွာဖြင့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ကြရေးတို့ကို မှာကြားပြီး ဝန်ထမ်းများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် တာချီလိတ်မြို့သို့ ရောက်ရှိရာ တာချီလိတ်ကုန်သွယ်ရေးစခန်း၌ One-Stop-Service(OSS)အဖွဲ့များ၊ ကုန်သည်အသင်းများမှ တာဝန်ရှိသူများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောရာတွင် ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်နေသည့် အစီအမံများအပေါ်အခြေခံ၍ ပို့ကုန်ကဏ္ဍပိုမို တိုးမြှင့်တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ လက်ရှိဈေးကွက်ရရှိပြီးသော နိုင်ငံများသို့ ပို့ကုန်ပိုမိုတင်ပို့နိုင်ရေး၊ ပို့ကုန်ကုန်စည်အမယ်အသစ်များ ရှာဖွေ၍ ပိုမိုတင်ပို့နိုင်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် မှန်ကန်မြန်ဆန်စေရေး OSS အဖွဲ့တွင် ပါဝင်ဆောင်ရွက်နေသည့် ဌာနများနှင့် ကုန်သည်အသင်း အဖွဲ့များပေါင်းစပ်၍  ဆောင်ရွက်ကြရန်တို့ကို တိုက်တွန်းမှာကြားခဲ့သည်။

          ယင်းနောက် တက်ရောက်လာကြသော One-Stop-Service (OSS) အဖွဲ့ဝင်များ၊ ကုန်သည် အသင်းများမှ တာဝန်ရှိသူများနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages