စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တနင်္သာရီတိုင်း‌ဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

Tue, 02/13/2024 - 03:22 -- mocadmin

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနရုံး၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးစခန်းတို့မှ  တာဝန်ခံ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ကုန်သွယ်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွား‌ရေးလုပ်ငန်း (MSMEs) များ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် တရားမဝင်ကုန်သွယ်မှုများ ပပျောက်စေရေးအတွက် လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များနှင့်အညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ကတန်ကျွန်းရှိ ပြည့်ဖြိုးထွန်း International Co., Ltd. မှ ခေတ်မီရေငန်ပုဇွန်မွေးမြူနိုင်ရန်အတွက် အမှတ် (၄)၊ ပုဇွန်ကန်မွေးမြူရေးစီမံကိန်း နေရာသို့ရောက်ရှိ၍ စီမံကိန်း ရှင်းလင်းဆောင်တွင် တာဝန်ရှိသူ မှ စီမံကိန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားသုံးမှု ဖူလုံစေရန်နှင့် နိုင်ငံခြားငွေရရှိမှု ပိုမိုတိုးတက်စေရန်၊ ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပုစွန် များကို ပိုမိုတိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်ရန်၊ မွေးမြူရာတွင်၍ ခေတ်မီနည်းပညာများကို အသုံးပြု၍ ဆောင်ရွက်ရန်နှင့် လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းများ တိုးတက်စေရန်နှင့် လူမှုအကျိုးပြုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။ အဆိုပါစီမံကိန်းဧရိယာမှာ ၄၀၇ ဧကကျယ်ဝန်းပြီး ပုစွန်ကန်ပေါင်း ၇၆ ကန်တွင် တစ်နှစ်လျှင် ပုစွန်တန်ချိန် ၆၀၀၀ ကျော် မွေးမြူထုတ်လုပ်နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ကတ္တလူ ပုဇွန်ကန် များ သွားရောက်ကြည့်ရှုခဲ့သည်။

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့၊ စမ်းချောင်းလမ်း၊ ကလွင်ကျေးရွာရှိ ဖိုးလမင်း ကုမ္ပဏီ၏  ‌ရော်ဘာမှိုင်းခံစက်ရုံသို့ရောက်ရှိ၍ လုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူက ရှင်းလင်း တင်ပြပြီး ရော်ဘာများကို မှိုင်းခံ၍ ပြည်ပသို့ တင်ပို့ရောင်းချမည့် ကုန်ချောအဆင့်ထိ ဆောင်ရွက်နေမှု အဆင့်ဆင့်ကို ကြည့်ရှု၍ ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ စနစ်တကျတင်ပို့ရေးဆောင်ရွက်ရန်၊ ဒေသ တွင်း တရားမဝင်တင်ပို့မှုမဖြစ်ပေါ်စေရေးအတွက်ဆောင်ရွက်ရန်၊ တင်ပို့နေသည့် တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံများအပြင် အခြားနိုင်ငံများသို့ စျေးကွက် ထိုးဖောက်ရှာဖွေရန်၊ သတ်မှတ်လျာထားချက် ထက် ပိုမိုတင်ပို့နိုင်ရေးဆောင်ရွက်ရန်၊ ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်ရေး နည်းလမ်းရှာ ဖွေဆောင်ရွက်ရန်တို့ကိုမှာကြားသည်။ ဖိုးလမင်းကုမ္ပဏီအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လတွင် ရော်ဘာတန်ချိန် ၇၀၀၀ တင်ပို့ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့၊ ကျွဲကူးကျောက်ဖျာ၊ အထူးဆိပ်ကျေးရွာသို့ ရောက်ရှိပြီး ဖိုးလမင်းဆိပ်ခံတံတားတွင် ဖိုးလမင်းကုမ္ပဏီမှ ရော်ဘာကုန်ချောထုတ်ကုန် (Mixtures of Natural Rubber and Synthetic Rubber- SBR) မတ်ထရစ်တန် ၁၄၁၁.၂၀ ကို “MV SMART LINE 003” ကုန်တင်ရေယာဉ်ဖြင့် မလေးရှားနိုင်ငံသို့တင်ပို့ရန် ကုန်တင်နေမှုနှင့် ရော်ဘာသိုလှောင် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages