စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးထွန်းအုံ မူပိုင်ခွင့်ဦးစီးဌာန တည်ထောင် ခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

Tue, 12/26/2023 - 03:55 -- mocadmin

   ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ကျရောက်သည့် မူပိုင်ခွင့်ဦးစီးဌာန၏ (၃) နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၅၂)ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။        

   အဆိုပါအခမ်းအနားသို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးကျော်ရွှေထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

   အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာန၏ “စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရန်” ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်ကို အထောက်အပံ့ဖြစ်စေမည့်  မူပိုင်ခွင့်စနစ်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ယခုနှစ် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလမှာ အာဏာတည်ခဲ့ပြီး အဆိုပါမူပိုင်ခွင့်လျှောက်လွှာများအား လက်ခံခြင်း၊ စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်မှတ် ပုံတင်ခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိဝန်ထမ်းများအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ် ပြီး ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့်လည်း စွမ်းရည်ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်စေရေး အထူးကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်၊ ဝန်ကြီးဌာနက ချမှတ်ထားသော လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ဌာနတစ်ခုအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ခိုင်မာလာစေရန်နှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေးအတွက် မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရေးမှာလည်း ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနသည် နိုင်ငံတော်အတွက် အထောက်အပံ့ ဖြစ်စေမည့် ဦးစီးဌာနအဖြစ် ရပ်တည်နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဦးစီးဌာန၏ အကောင် အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် မူပိုင်ခွင့်ဦးစီး ဌာန၏ လှုပ်ရှားဆောင်ရွက်မှု Documentary အား ပြသခြင်း၊ ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages