အတိုးနှုန်းအပြောင်းအလဲများကြောင့် ယန်းတန်ဖိုးခုန်တက်ပြီး ဒေါ်လာတန်ဖိုးကျဆင်း

Tue, 11/28/2023 - 06:28 -- wtodep

လာမည့်နှစ်အတွင်း ဂျပန်ဗဟိုဘဏ် (Bank of Japan) က ငွေကြေးမူဝါဒကို တင်းကြပ်ကာ အမေရိကန်ဗဟိုဘဏ် (Fedeal Reserve) က ဖြေလျော့မည်ဟု ငွေကြေးရင်းနှီးမြုပ်နှံသူများ၏ ခန့်မှန်းချက်များ ထွက်ပေါ်ပြီးနောက်ပိုင်း ယန်းတန်ဖိုးသည် ဒေါ်လာတန်ဖိုးနှင့် လေးပတ်တိတိ ယှဉ်ပြိုင်လာခဲ့ပါသည်။

အမေရိကန်ဒေါ်လာသည် စက်တင်ဘာလလယ်တွင် တစ်ဒေါ်လာလျှင် ၁၄၇.၁၆ ယန်းဖြင့် အနိမ့်ဆုံး ဈေးကျခဲ့ပြီး နောက်ဆုံးဈေး တစ်ဒေါ်လာလျှင် ၁၄၇.၄၅ ယန်း ပေါက်ခဲ့ပါသည်။ အခြားငွေကြေးများနှင့်နှိုင်းယှဉ်ရာတွင်လည်း အမေရိကန်ဒေါ်လာသည် ဩဂုတ်လနှောင်းပိုင်းမှစ၍ တန်ဖိုးကျဆင်းလျက်ရှိပါသည်။

နယ်သာလန်အခြေစိုက် Robobank ၏ နိုင်ငံခြားငွေကြေးမဟာဗျူဟာ ဌာနအကြီးအကဲဖြစ်သူ Jane Foley က ဒေါ်လာတန်ဖိုး သိသိသာသာကျဆင်းခြင်းကြောင့် ငွေကြေးရင်းနှီးမြှုပ်နှံသူများက ယန်းအပေါ် လောင်းကြေးငွေကို ပြန်လည်ဖြေလျော့ရန် စဉ်းစား လာနိုင်ပြီး ဒေါ်လာ-ယန်း မည်မျှယှဉ်ပြိုင်နိုင်မည်ကို ဈေးကွက်ကသာ အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း၊ လာမည့်နှစ်တွင် ဂျပန် ဗဟိုဘဏ်က အနှုတ်လက္ခဏာပြနေသည့် အတိုးနှုန်းများကို ရပ်တန့်ပြီး ငွေကြေးမူဝါဒကို တင်းကြပ်မည့် ကိစ္စသည် အရှိန်အဟုန်ရလာပြီး စိတ်လှုပ်ရှားဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာလအတွင်း အမေရိကန်၏ ငွေကြေးဖောင်းပွမှုနှုန်း နှေးကွေးသွားပြီးနောက်ပိုင်း ဗဟိုဘဏ်အနေဖြင့်လာမည့်နှစ်တွင် အတိုးနှုန်းလျှော့ချနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများက ခန့်မှန်းကြရာ ဒေါ်လာရင်းနှီးမြှုပ်နှံမှုမှပြန်ရငွေ (yield) သည် တရှိန်ထိုးကျဆင်းခဲ့ပါသည်။ ထို့ပြင် တစ်နှစ်ကျော်ကြာ အမြင့်ပိုင်းတွင်ရှိနေသော ဒေါ်လာညွှန်းကိန်းလည်း ကျဆင်းခဲ့ပါသည်။

အမေရိကန်ဘဏ္ဍာရေးဌာန၏ ၁၀နှစ် သက်တမ်းငွေချေးစာချုပ်မှ ပြန်ရငွေသည် နှစ် ၂၀ သက်တမ်း ငွေစုစာချုပ် ထုတ်ရောင်းပြီးနောက် ၄.၃၉ % သို့ ကျဆင်းခဲ့ပါသည်။ အဆိုပါအချက်သည် နှစ်ပေါင်း ၁၆ နှစ်အတွင်း ၅ % အထက်တွင်ရှိနေသော ပြန်ရငွေရာခိုင်းနှုန်းကို ထိခိုက်ခဲ့ခြင်းဖြစ်ပါသည်။

ယူရိုသည် ဩဂုတ်လလယ်မှစ၍ တစ်ယူရိုလျှင် ၁.၀၉၆၆ ဒေါ်လာဖြင့် အမြင့်ဆုံးဈေးတက်ခဲ့ပြီး နောက်ဆုံးဈေး တစ်ယူရိုလျှင် ၁.၀၉၄၄ ပေါက်ခဲ့ပါသည်။

စတာလင်ပေါင်သည် တစ်ပေါင်လျှင် ယခင်က ၁.၂၅၄ ဒေါ်လာ ရှိနေရာမှ ၁.၂၅၃ ဒေါ်လာဈေး ပေါက်ခဲ့ပြီး အင်္ဂလန်ဗဟိုဘဏ်ဥက္ကဌက Andrew Bailey က အတိုးနှုန်းလျှော့ချရေး စဉ်းစား ရန်မှာ စောသေးသည်ဟု ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။

တရုတ်ယွမ်သည်လည်း တစ်ဒေါ်လာလျှင် ၇.၁၃ ယွမ်ဖြင့် အမြင့်ဈေးတွင် လေးလကြာ ရပ်တည်နေပါသည်။ တရုတ်ဗဟိုဘဏ်သည် ဩဂုတ်လ ၇ ရက်နေ့ကတည်းက ယွမ်ရောင်းဝယ်မှုကို အခိုင်မာဆုံးဖြစ်စေမည့် အတိုးနှုန်းတွင်ထားရှိခဲ့ပြီး ဩစတြေးလျ ဗဟိုဘဏ်အဆိုအရ အိမ်ခြံမြေကဏ္ဍတွင် အစိုးရမှထောက်ပံ့မည့် အစီအစဉ်များကြောင့် စတော့ရှယ်ယာများ တက်သွားခဲ့ခြင်းကလည်း ငွေကြေးပြုပြင်ပြောင်းလဲမှုဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။

ဆွီဒင်အခြေစိုက် Stockholms Enskilda Bank မှ စီးပွားရေးပညာရှင် Elisabet Kopelman က စွန့်စားရခြေ မြင့်မားခြင်းနှင့် အတိုးနှုန်းလျှော့ချမည်ဟု မျှော်မှန်းချက်များသည် အာရှငွေကြေး အတော်များများနှင့် ယှဉ်ပြိုင်နေရသည့် ဒေါ်လာအတွက် ကောင်းမွန်သော ပုံရိပ်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး အချို့သုံးသပ်သူများက အမေရိကန်ဗဟိုဘဏ်၏ ဖြေလျှော့မှုများမှ တန်ပြန် သက်ရောက်မှုများမှလည်း စွန့်စားရမှုများရှိလာနိုင်သည်ဟု ပြောဆိုလျက်ရှိကြောင်း ရိုက်တာသတင်းဌာန၏  နိုဝင်ဘာလ ၂၁ ရက်နေ့ သတင်းတွင် ဖော်ပြထားပါသည်။

Source : Reuters

International Trade News

Pages