အချိန်နှင့်တပြေးညီ ငွေပေးချေမှုစနစ် စတင်ဖော်ဆောင်လိုက်သော စင်ကာပူ ၊ မလေးရှားနှင့်အင်ဒိုနီးရှား

Fri, 12/01/2023 - 03:35 -- wtodep

စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့သည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ဗဟိုဘဏ်များနှင့်ပူးပေါင်းကာ အချိန်နှင့်တပြေးညီ ငွေပေးချေမှုစနစ် (real time payment system) ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လိုက်ပြီဖြစ်ပါသည်။ အဆိုပါစနစ်အား စတင်သည့် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် Singapore Fintech Trade Fair တွင် စင်ကာပူ ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့၏ ဗဟိုဘဏ်ဥက္ကဌများက ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်။

စင်ကာပူနှင့် မလေးရှားနိုင်ငံအကြား လူပုဂ္ဂိုလ်ချင်းငွေလွှဲခြင်း (P2P) ကို မိုဘိုင်းဖုန်းနံပါတ် (သို့မဟုတ်) အွန်လိုင်းငွေပေးချေမှုလိပ်စာ (Virtual Payment Address) အသုံးပြု၍ Paynow (စင်ကာပူ) နှင့် DuitNow (မလေးရှား) လင့်ခ်တို့မှတဆင့်လည်းကောင်း၊ စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံအကြား ငွေလွှဲခြင်းကို မိုဘိုင်းဘဏ်လုပ်ငန်း အပလီကေးရှင်းများဖြစ်သည့် စင်ကာပူ၏ NETS (Network for Electronic Transfer Singapore) နှင့် အင်ဒိုနီးရှား၏ QRIS (Quick Response Code Indonesian Standard) စနစ်တို့၏ QR Code များကို Scan ဖတ်ခြင်းမှတဆင့်လည်းကောင်း ဆောင်ရွက်နိုင်ပြီဖြစ် ပါသည်။

စင်ကာပူနှင့် မလေးရှားအကြား ပူးပေါင်းဆောင်ရွက်မှု

စင်ကာပူနှင့်မလေးရှားအကြား Paynow-DuitNow လင့်ခ်ကိုဘဏ်မဟုတ်သည့် ငွေကြေးအဖွဲ့အစည်း များလည်း အသုံးပြုနိုင်ပြီး နေ့စဉ်စင်ကာပူဒေါ်လာ ၁,၀၀၀ သို့မဟုတ် မလေးရှားရင်းဂစ် ၃,၀၀၀ အထိ ငွေလွှဲ/လက်ခံခြင်းကို ဆောင်ရွက်နိုင်ပါသည်။ စင်ကာပူဘက်မှ Liquid Group၊ Maybank Singapore၊ OCBC နှင့် UOB ဘဏ်များကို အသုံးပြုသူများနှင့် မလေးရှားဘက်မှ CIMB၊ Maybank၊ TNG Digital ဘဏ်များကို အသုံးပြုသူများက ဦးစားပေးဆောင်ရွက်နိုင်ပြီး ကျန်ဘဏ်နှင့်ငွေကြေးအဖွဲ့အစည်းများက အဆင့်လိုက် တဖြည်းဖြည်းချင်း ပါဝင်လာမည်ဖြစ်ပါသည်။ (ဥပမာ စင်ကာပူ၏ DBS နှင့် မလေးရှား၏ Hong Leong Bank တို့သည် နောက်ပိုင်းတွင် ပါဝင်လာမည်ဖြစ်ပါသည်။)

စင်ကာပူနှင့် မလေးရှားအကြား ယခုကဲ့သို့ ဆောင်ရွက်မှုသည် အာဆီယံ၏ ငွေပေးချေမှုအပေါ် ချိတ်ဆက်မှု ကနဦးအစီအစဉ် (ASEAN Payment Connectivity Initiative) နှင့် G 20 ၏ နယ်စပ် ဖြတ်ကျော် ငွေပေးချေမှုမြှင့်တင်ရေး လမ်းပြမြေပုံ (Roadmap for Enhancing Cross Border Payment) ပါ ရည်ရွယ်ချက်များနှင့်ကိုက်ညီပါသည်။ ၂၀၂၂ ခုနှစ်အတွင်း နှစ်နိုင်ငံအကြား လူပုဂ္ဂိုလ် ချင်းငွေလွှဲခြင်း (P2P) နှင့် ဘဏ် စာရင်းချင်းငွေလွှဲခြင်း (remittance) ကို စင်ကာပူဒေါ်လာ ၂.၃ ဘီလီယံနှင့် မလေးရှားရင်းဂစ် ၇.၈ ဘီလီယံခန့် ဆောင်ရွက်ခဲ့ပါသည်။

စင်ကာပူနှင့် အင်ဒိုနီးရှားအကြား ပူးပေါင်းဆောင်ရွက်မှု

စင်ကာပူနှင့် အင်ဒိုနီးရှားအကြား NETS-QRIS လင့်ခ်ကို အသုံးပြုခြင်းဖြင့် နှစ်နိုင်ငံကြား အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် တဖက်နိုင်ငံရှိဝယ်ယူသူများနှင့် တိုက်ရိုက်ထိတွေ့နိုင်ခြင်း၊ စားသုံးသူများကို စုစည်းထားနိုင်ခြင်းစသည့် အခွင့်အရေးများရရှိပြီး ကိုဗစ်ကပ်ရောဂါအလွန် နှစ်နိုင်ငံကြား ခရီးသွားများအဆင်ပြေရေးစသည့် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါသည်။

စင်ကာပူဘက်မှ OCBC နှင့် UOB ဘဏ်များကို အသုံးပြုသူများနှင့် အင်ဒိုနီးရှားဘက်မှ T Bank Central Asia Tbk ၊ PT Bank CIMB Niaga Tbk၊ PT Bank Pembangunan Daerah Bali၊ PT Bank Permata Tbk၊ PT Bank Syariah Indonesia Tbk၊ PT Bank Mega Tbk၊ PT Bank Sinarmas Tbk၊ PT Bank Rakyat Indonesia Tbk၊ PT Espay Debit Indonesia Koe နှင့် PT Netzme Kreasi Indonesia ဘဏ်များကိုအသုံးပြုသူများအား ဦးစားပေးပြီး ကျန်ငွေကြေးအဖွဲ့အစည်းများက တဖြည်းဖြည်းချင်းပါဝင်လာမည် ဖြစ်ပါသည်။ (ဥပမာ စင်ကာပူ၏ DBS သည် နောက်ပိုင်းတွင် ပါဝင်လာမည်ဖြစ်ပါသည်။)

ယခုဆောင်ရွက်မှုသည် အာဆီယံ၏ငွေပေးချေမှုအပေါ် ချိတ်ဆက်မှု ကနဦးအစီအစဉ် (ASEAN Payment Connectivity Initiative) နှင့် အင်ဒိုနီးရှား၏ ငွေပေးချေမှုစနစ်အသေးစိတ်ပုံစံ ၂၀၂၅ (Indonesian Payment System Blueprint 2025) ပါ ကတိ ကဝတ်များနှင့်ကိုက်ညီပါသည်။ ထို့ပြင် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့နှင့် အင်ဒိုနီးရှားဗဟိုဘဏ်တို့သည် ၂၀၂၄ ခုနှစ်မှစ၍ နှစ်နိုင်ငံကြား ပြည်တွင်းငွေကြေးများဖြင့် ဖြေရှင်းဆောင်ရွက်ရေးမူဘောင် (Local Currency Transactions Framework – LCT) တည်ထောင်ရန် ရည်ရွယ်သည့်စာ (Letter of Intent) ကို လက်မှတ်ရေးထိုး ထားပြီးဖြစ်ပါသည်။ နှစ်နိုင်ငံကြား LCT ကို စတင်အကောင်အထည်ဖော်ပါက QR ငွေပေးချေမှုများ သည် သတ်မှတ်ထားသော နှစ်နိုင်ငံငွေကြေး ရောင်းဝယ်သည့်ဘဏ်များ (Appointed Cross Currency Dealer Banks -ACCD Banks) ၏ ငွေလဲနှုန်းဖြင့် တိုက်ရိုက်ပေးချေနိုင်မည်ဖြစ်ပါသည်။

အင်ဒိုနီးရှားဗဟိုဘဏ်ဥက္ကဌ Mr. Ravi Menon က NETS-QRIS လင့်ခ်ဖြင့် ငွေပေးချေမှုကြောင့် လူ ပုဂ္ဂိုလ်တစ်ဦးချင်းနှင့်အသေးစား စီးပွားရေးလုပ်ငန်းများ၏ နိုင်ငံဖြတ်ကျော် e-commerce လုပ်ငန်းများ၊ ခရီးသွားလာရေးလုပ်ငန်းများ ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း၊ မကြာမီဆောင်ရွက်မည့် နှစ်နိုင်ငံငွေကြေးများနှင့် ပေးချေဆောင်ရွက်ရေးကိစ္စမှာလည်း အင်ဒိုနီးရှားရူပီးနှင့် စင်ကာပူဒေါ်လာတို့အား တိုးမြင့်အသုံးပြုကာ ငွေပေးချေမှုကို လျင်မြန်ချောမွေ့စေမည့် အကြောင်းလည်းဖြစ်ကြောင်း၊ စင်ကာပူ၏ဒေသတွင်း အဓိက စီးပွားရေးနိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုဆိုင်ရာ ကြိုးပမ်းမှုများကို အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။

 

Source: Monetary Authority of Singapore (MAS) Media Release

International Trade News

Pages