ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက် အောက်တိုဘာလတွင် စတင်မည်

Tue, 01/20/2015 - 14:46 -- admin_ygn

   မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သည့် ဒိုင်ဝါကုမ္ပဏီတို့ပူးတွဲတည်ထောင်သည့် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်ကို လာမည့် အောက်တိုဘာလအတွင်း စတင်မည်ဖြစ်ကြောင်း သိရသည်။
   ထို့ကြောင့်အဆိုပါ ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် စတော့ရောင်းဝယ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်မည့်ကုမ္ပဏီများအား လုပ်ငန်းများလုပ်ကိုင်နိုင် ရန် လျှောက်လွှာများ ခေါ်ယူထားကြောင်းသိရသည်။ အဆိုပါလျှောက်လွှာများကို ဖေဖော်ဝါရီ ၂၇ ရက် နောက်ဆုံးထား၍ တင်သွင်းရ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငွေကြေး သက်သေခံလက်မှတ် ကြီးကြပ်အုပ်ချုပ်ရေးကော်မရှင်က ပြောကြားခဲ့သည်။
   အဆိုပါကော်မရှင်က  ခွင့်ပြုမည့် ဝန်ဆောင်မှုလိုင်စင်လေးမျိုးမှာ အာမခံသူ၊ အရောင်းအဝယ်ပြုလုပ်သူ၊ အကျိုးဆောင်သူနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ဖြစ်ပြီး လိုင်စင်တစ်မျိုးစီတွင် ရင်းနှီးမြှုပ်နှံမှုအဆင့် ကွဲပြားခြားနားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  မြန်မာနိုင်ငံငွေကြေးသက်သေခံလက်မှတ် ကြီးကြပ်အုပ်ချုပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့သည်။
   မြန်မာနိုင်ငံ၏ ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်ကို ယခုနှစ်အောက်တိုဘာလတွင်စတင်မည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်ကုမ္ပဏီနှစ်ခုတို့တည်ထောင်ထားသည့် ဖက်စပ်ကုမ္ပဏီတစ်ခုကလုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
   ယင်းဖက်စပ်ကုမ္ပဏီကို မြန်မာ့စီးပွားရေးဘဏ်က ရှယ်ယာ ၅၁ ရာ ခိုင်နှုန်းပိုင်ဆိုင်ပြီး ဒိုင်ဝါကုမ္ပဏီက ၃၀ ဒသမ ၂၅ ရာခိုင်နှုန်း၊ ဂျပန်အိတ် ချိန်းဂရု(ပ်)က ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်းသိရသည်။
  ရန်ကုန်စတော့အိတ်ချိန်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံကြမည့် စီးပွားရေးလုပ်ငန်းများသည် ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက် အရင်းအနှီးများရယူနိုင်မည်ဖြစ်ပြီး ပြည်သူများ အနေဖြင့် အဆိုပါလုပ်ငန်းများရှိ ရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
   မြန်မာနိုင်ငံအစိုးရအနေဖြင့် ငွေကြေးသက်သေခံလက်မှတ်ဆိုင်ရာ ဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လက ပြဋ္ဌာန်းခဲ့ပြီး ဆက်စပ်စည်းမျဉ်းစည်းကမ်းများကို ဆက်လက်ရေးဆွဲ လျက်ရှိကြောင်းသိရသည်။

မယ်သီတာ