အိန္ဒိယနိုင်ငံ ပန်ဂျပ်နှင့် ဟာရာနာပြည်နယ် တို့တွင် အပူချိန်များစံချိန်တင်ကျဆင်းနှင်း များထူထပ်စွာကျရောက်မှုကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရ

Tue, 01/13/2015 - 14:00 -- admin_ygn

   အိန္ဒိယနိုင်ငံပန်ဂျပ်ပြည်နယ်နှင့် ဟာရာနာပြည်နယ်တို့တွင် အပူချိန်များစံချိန်တင်ကျဆင်းလျက်ရှိပြီး နှင်းများထူထပ်စွာကျရောက်နေမှုကြောင့် လေကြောင်းခရီးစဉ်များဖျက်သိမ်း ခဲ့ရသလို ရထားခရီးစဉ်များလည်း နှောင့်နှေးခဲ့ရကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် အအေးလှိုင်းများဖြတ်သန်းတိုက်ခတ်လာမှုကြောင့် အပူချိန်များ စံချိန်တင်ကျဆင်းရခြင်းဖြစ်ကြောင်း၊ အပူချိန်သည် ၂ ဒသမ ၃ ဒီဂရီဆဲလ်ဆီးယပ်စ်အထိကျဆင်းလျက်ရှိပြီး အဆိုပါအပူချိန်သည် စံချိန်တင်ကျဆင်းခြင်း ပင်ဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။
   နှင်းများထူထပ်စွာကျရောက်နေမှုကြောင့် စစ်တကောင်းပြည်နယ်မှထွက်ခွာမည့်ခရီးစဉ်များအားလုံးကိုရပ်ဆိုင်းထားရကြောင်း၊ ရထားခရီးစဉ်များမှာလည်း ပုံမှန်အချိန်အတိုင်း ထွက်ခွာနိုင်ခြင်းမရှိဘဲ နောက်ကျပြီးမှထွက်ခွာရသည့်အတွက် ဘူတာရုံများတွင် ရထားစီးခရီးသည်များစုပြုံနေကြောင်းဖြင့် စစ်တကောင်းပြည်နယ်မှတာဝန်ရှိသူများက ပြော ကြားခဲ့သည်။ ထို့ပြင် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင်လည်း ဆီးနှင်းများ ထူထပ်စွာကျရောက်ခဲ့ပြီး အအေးလွန်ကဲမှုကြောင့် အသက် ၆၀ ခန့်ရှိ အဘိုးအိုတစ်ဦးသေဆုံးခဲ့ ရကြောင်း GGS သတင်းတွင်ဖော်ပြထားသည်။
   မြို့တော်ဒေလီတွင်လည်း အပူချိန်များကျဆင်းလျက်ရှိရာ အနိမ့်ဆုံးအပူချိန်သည် ၆ ဒသမ၄ဒီဂရီဆဲလ်ဆီးယပ်စ် အထိကျဆင်းလျက်ရှိပြီး အမြင့်ဆုံးအပူချိန်မှာမူ  ၁၃ ဒသမ ၁ ဒီဂရီဆဲလ်ဆီးယပ်စ်သာရှိကြောင်းဖြင့် အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ ကက်ရှ်မီးယားတောင်ကြားမှာ တိုက်ခတ်လာသည့် လေအေးစီးကြောင်းသည် အိန္ဒိယနိုင်ငံအတွင်းသို့ရောက်ရှိလာခဲ့ကာ နိုင်ငံတစ်ဝန်းအပူချိန်များကျဆင်းလာရခြင်းဖြစ်သည်ဟုဆိုသည်။

မယ်သီတာ

 

International Trade News

Pages