သြစတြေးလျနိုင်ငံ တောင်ပိုင်းဒေသများတွင် အပူလှိုင်းကျရောက်မှုကြောင့် တောမီးများလောင်ကျွမ်း

Tue, 01/13/2015 - 14:16 -- admin_ygn

   သြစတြေးလျနိုင်ငံ  တောင်ပိုင်းဒေသများတွင် အပူလှိုင်းကျရောက်မှုကြောင့် တောမီးများလောင်ကျွမ်းလျက်ရှိရာ တောမီးလောင်ကျွမ်းမှုသည် ဇန်နဝါရီ ၇ ရက်တွင်ပိုမို ကြီးမား လာခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။
   သြစတြေးလျတောင်ပိုင်းမီးသတ်ဌာနက အပူချိန်သည် ၃၈ ဒီဂရီဆဲလ်ဆီးယပ်စ်သို့ရောက်ရှိခဲ့ရာ Adelaide Hill  ဒေသတစ်ဝိုက်တွင်တောမီးလောင်ကျွမ်းမှုမှာ ၈၅ ရာခိုင်နှုန်း အထိ ရောက်ရှိလာခဲ့ကြောင်းဖြင့် ပြောကြားခဲ့သည်။
   မီးလောင်ကျွမ်းရာ  ဒေသများသို့ မီးသတ်သမားပေါင်း ၅၀၀ ကျော် ရောက်ရှိနေပြီး မီးငြှိမ်း သတ်လျက်ရှိကြောင်းသိရသည်။ တောမီးလောင်ကျွမ်းမှုကြောင့် Adelaide အရှေ့ ပိုင်းရှိ Lofty Ranges တောင်တန်းဒေသများရှိ မြေလွတ်မြေရိုင်းများနှင့်လယ်မြေဧကဟက်တာပေါင်း ၁၂၅၀၀ မှာ မီးလောင်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။
   ထို့ပြင် ယခုတစ်ပတ်အတွင်းတွင် မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၃၈ လုံး အပါအဝင် အဆောက်အအုံပေါင်း ၁၆၇လုံးဆုံးရှုံးခဲ့ရကြောင်းသိရသည်။ မီးလောင်ကျွမ်း မှုကြောင့် သြစတြေးလျအာမခံလုပ်ငန်းအနေဖြင့်မီးအာမခံကြေး သြစတြေးလျဒေါ်လာ  ၁၃သန်း(အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅သန်း)ပေးလျော်ရမည်ဖြစ်ကြောင်းသိရသည်။
   ထို့ပြင် Adelaide Hill ဒေသနှင့် ကပ်လျက်ရှိသည့် ဝိတိုရိယပြည်နယ်တွင်လည်း အပူချိန်များမြင့်တက်လျက်ရှိရာ ဒေသခံများမှာ တောမီးများ လောင်ကျွမ်းမည်ကို စိုးရိမ် လျက်ရှိပြီး သတိပြုနေထိုင်ကြရန် နှိုးဆော်ထားကြောင်းသိရသည်။
   သြစတြေးလျနိုင်ငံသည် အပူဆုံးလများတွင် တောမီးများ လောင်ကျွမ်းလေ့ရှိရာ မကြာသေး မီနှစ်များကလည်း အဆိုးရွားဆုံးသော တောမီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့သည်။ ၂၀၀၉ ခုနှစ် က ဝိတိုရိယပြည်နယ် တောင်ပိုင်းဒေသများတွင် တောမီးလောင်ကျွမ်းမှုများကြောင့် လူပေါင်း ၁၇၃ ဦးသေဆုံးခဲ့ရပြီး လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

မယ်သီတာ

International Trade News

Pages