ထိုင်းနိုင်ငံ၏ နိုဝင်ဘာလ ငွေကြေးဖောင်းပွမှုနှုန်း ငါးနှစ်အတွင်းအနိမ့်ဆုံးဖြစ်

Mon, 12/15/2014 - 13:54 -- admin_ygn

   ထိုင်းနိုင်ငံ၏ ငွေကြေးဖောင်းပွမှု နှုန်းသည် နိုဝင်ဘာ၌ ခြောက်လမြောက်အဖြစ် ဆက်လက်aလျာ့နည်းခဲ့ပြီး  ငါးနှစ်အတွင်းအနိမ့်ဆုံးနှုန်းဖြစ်ခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်း သို့မဟုတ် ကုန်ဈေးနှုန်းမြင့်တက်မှုနှုန်းသည် နိုဝင်ဘာလ၌ ၁ ဒသမ ၂၆ ရာခိုင်နှုန်း၊ အောက်တိုဘာလ၌ ၁ ဒသမ ၄၈ ရာခိုင်နှုန်း၊ စက်တင်ဘာလ၌ ၁ ဒသမ ၇၅ ရာခိုင်နှုန်း၊ သြဂုတ်လ၌ ၂ ဒသမ ၀၉ ရာခိုင်နှုန်း၊ ဇူလိုင်လ၌ ၂ ဒသမ ၁၆ ရာခိုင် နှုန်း၊ ဇွန်လ၌ ၂ ဒသမ ၃၅ ရာခိုင်နှုန်း၊ မေလ၌ ၂ ဒသမ ၆၂ ရာခိုင်နှုန်း ဖြစ်ခဲ့သည်။
   ကုန်ပစ္စည်း အမျိုးပေါင်း ၄၅၀ ကို အခြေခံသော ငွေကြေး ဖောင်းပွမှုနှုန်း (headline inflation) သည် နိုဝင်ဘာလ၌ ၁ ဒသမ ၂၆ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ အဆိုပါနှုန်းသည် ၆၁ လအတွင်း အနိမ့်ဆုံးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ တည်ငြိမ်မှုမရှိသော စားသောက်ကုန်ဈေးနှုန်းများနှင့် စွမ်းအင်ဈေးနှုန်းများ ထည့်သွင်းတွက်ချက်ခြင်းမပြု သော ငွေကြေးဖောင်းပွမှုနှုန်း (core inflation) သည် အောက်တို ဘာလ၌ ၁ ဒသမ ၆၇ ရာခိုင်နှုန်းနှင့် နိုဝင်ဘာလ ၌ ၁ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်ခဲ့သည်။
   ယခုနှစ် ပထမ ၁၁ လအနေဖြင့် မူ headline inflation သည် ၂ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် core inflation သည် ၁ ဒသမ ၅၇ ရာခိုင်နှုန်း ဖြစ်ခဲ့ကြောင်း၊ အဆိုပါနှုန်းများသည် ထိုင်းနိုင်ငံ ဗဟိုဘဏ်၏ ရည်မှန်းထားသည့် သုည ဒသမ ၅ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်း အကြားတွင် ရှိနေဆဲဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းသည် စတုတ္ထ သုံးလပတ်၌ ၁ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်နိုင်ပြီး တစ်နှစ်လုံး အနေဖြင့်မူ ၂ ရာခိုင်နှုန်း ဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရှိရသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဘန်ကောက်မြို့

 

International Trade News

Pages