စက်မှုလုပ်ငန်းအစုအဖွဲ့ ဖွဲ့စည်းရေးစီမံချက်ကို ဗီယက်နမ်ဝန်ကြီးချုပ်အတည်ပြု

Wed, 01/21/2015 - 10:50 -- admin_ygn

   ကဏ္ဍငါးရပ်တွင် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ပြည့်ဝမယ့် အလားအလာရှိတဲ့ ထုတ်ကုန်များအတွက် စက်မှုလုပ်ငန်း အစုအဖွဲ့များ (Industrial clusters) နဲ့  တန်ဖိုးကွင်းဆက် (Value chain) များ ဖွဲ့စည်းမှုဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်တစ်ခုကို ဗီယက်နမ်ဝန်ကြီး ငုယင်တန်ဇွန်းကအတည်ပြုပေးခဲ့ကြောင်း VNS သတင်း မှာ ဖော်ပြထားပါတယ်။
   ပါဝင်တဲ့ကဏ္ဍငါးရပ်မှာ အီလက်ထရွန်းနစ်နဲ့ သတင်း အချက်အလက်နည်းပညာ၊ အဝတ်အထည်၊ အစားအစာဆင့်တက်ပြုပြင်ရေး၊ လယ်ယာစိုက်ပျိုးရေးသုံး ယန္တရားနဲ့ ခရီးသွားလုပ်ငန်း စတဲ့လုပ်ငန်းကဏ္ဍတွေဖြစ်ပါတယ်။
  ရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်နိုင်ဖို့နဲ့ ရှေ့ပြေးစီမံကိန်းတွေစတင်နိုင်ဖို့အတွက် ယှဉ်ပြိုင်နိုင်မှုအားသာချက်ရှိတဲ့ စက်မှုလုပ်ငန်းအစုအဖွဲ့တွေနဲ့ ထုတ်ကုန်တွေ ဆောင်ရွက်နေ တဲ့ဒေသတွေကို လေ့လာရှာဖွေဖော်ထုတ်တဲ့လုပ်ငန်းကို ၂၀၁၅ ခုနှစ်အကုန်မှာအပြီးသတ်ဆောင်ရွက်မှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နိုင်ရေး၊  အပြန်အလှန်ဆက် သွယ်မှုရှိရေး၊ လူသားအရင်းအမြစ် တိုးတက်ကောင်းမွန် ရေးနဲ့ သိပ္ပံနည်းကျနည်းပညာများ ခေတ်မီတိုးတက်ရေးစတဲ့ ကိစ္စရပ်တွေအတွက် ဘက်စုံယန္တရားနဲ့  မူဝါဒတွေကို ချမှတ်ပြီး အလားအလာရှိတဲ့ဒေသတွေမှာ ရှေ့ပြေးစီမံကိန်းတွေကို ၂၀၂၀ ပြည့်နှစ်က စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
   မြို့ကြီးတွေနဲ့ ပြည်နယ်တွေမှာ စက်မှုအစုအဖွဲ့တွေ တည်ထောင်တဲ့အခါ  ဒေသခံတွေအတွက် ယှဉ်ပြိုင်နိုင်မှုအား သာချက်တွေရရှိစေနိုင်တဲ့ ထုတ်ကုန်တွေကို အခြေပြု ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘင်ဒေါင်း မှာ အီလက်ထရွန်းနစ်လူသုံးကုန်များ၊ သိုင်းငုယင်၊ ဘက်နင်း၊ ဘက်ဂျန်း၊   ဟနွိုင်းနဲ့   ဟိုင်ဒေါင်းဒေသတွေမှာ Visual Electronics  ပစ္စည်းများ၊ ဟနွိုင်း၊ ဟိုချီမင်းစီးတီးနဲ့ ဒါနန်းမှာ အိုင်တီနဲ့ ဆက်နွယ်နေတဲ့ပစ္စည်းတွေ  ထုတ်လုပ်မှာဖြစ်ပါ တယ်။
   ယခုအစီအစဉ်အရ ပင်လယ်စာ  ဆင့်တက်ပြုပြင်ရေးအစုအဖွဲ့များကို   မဲခေါင်မြစ်ဝကျွန်းပေါ်မှာ ဆောင်ရွက်မှာ ဖြစ်ပြီး ပင်လယ်စာနဲ့ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်တွေကို ကမ်းခြေဒေသ၊ ဗဟိုကုန်းမြင့်ဒေသ  ပြည်နယ်များနဲ့ မြောက်ပိုင်းဒေသတွေမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
    အလားတူလယ်ယာထုတ်ကုန် ယန္တရားအစုအဖွဲ့များနဲ့ ခရီးသွားလုပ်ငန်းအစုအဖွဲ့များကိုလည်း သက်ဆိုင်ရာဒေသတွေမှာ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဉာဏ်တင်

International Trade News

Pages