ခြောက်သွေ့ရာသီကာလအတွင်း ရေရရှိရေးအတွက် ထိုင်းဘတ် ဘီလီယံပေါင်း ၁၀၀ ကိုထိုင်းနိုင်ငံသုံးစွဲမည်

Wed, 12/10/2014 - 14:42 -- admin_ygn

   ထိုင်းနိုင်ငံအစိုးရအနေဖြင့် ခြောက်သွေ့ရာသီကာလအတွင်း ရေရှားပါးမှုကို ဖြေရှင်းသည့်အနေဖြင့် ဘတ်ဘီလီယံပေါင်း ၁၀၀ ကိုသုံးစွဲသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကပြောကြားခဲ့သည်။
   ခြောက်သွေ့ရာသီကာလတွင် နိုင်ငံတစ်ဝန်းလုံး၌ရေရှားပါးမှုအခက်အခဲများကိုဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ ယင်းအခက်အခဲများကိုဖြေရှင်းရန်အတွက် ထိုင်းအစိုးရအနေဖြင့် ဘတ်ဘီလီယံ ၁၀၀ ကိုစိုက်ထုတ်သုံးစွဲမည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စအား အစိုးရအဖွဲ့အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့ကြောင်း၊ အစိုးရအဖွဲ့မှ အဆိုပါကိစ္စ များတွင်သုံးစွဲရန်  ရန်ပုံငွေဘတ် ဘီလီယံ ၅၀ကို ခွဲဝေချထားပေးခဲ့ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဘတ်ဘီလီယံ ၆၀ကို ကျခံသုံးစွဲရမည်ဖြစ်ကြောင်းဖြင့်ပြောကြားခဲ့သည်။
  အဆိုပါစီမံကိန်းသည် အရေးတကြီးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တစ်ခုပင်ဖြစ်ကြောင်း၊ မြစ်ကြောင်းများထိန်းသိမ်းရေး၊ ရေလှောင်တမံများ တည်ဆောက်ရေးတို့ကို  လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။
  လယ်သမားများ၏  ရေလိုအပ်မှုကိုဖြည့်ဆည်းပေးရမည်ဖြစ်ပြီး နှစ်စဉ် စပါးစိုက်ဧက ၁၅ သန်းအနက် ၇သန်းသည် ရေလိုအပ်နေသည့်ဒေသများဖြစ်ကြောင်း  ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
   ထို့ပြင်  ဒေသဆိုင်ရာ အာဏာပိုင်များက ကျေးရွာများရှိလယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်ကြသည့်လယ်သမားများနှင့် အခြားသီးနှံကိုစိုက်ပျိုးကြသည့် စိုက်ပျိုးရေးသမားများ သည် ရေကို အမြဲလိုအပ်နေကြောင်းပြောကြားခဲ့သည်။
   ထိုင်းနိုင်ငံသည် လာမည့်ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးသော ပူပြင်းခြောက်သွေ့မှုကိုရင်ဆိုင်ရမည့် နိုင်ငံတစ်နိုင်ငံဖြစ်နေကြောင်းဖြင့် အဆိုပါသတင်းတွင် ဖော်ပြထား သည်။
    ထို့ကြောင့် ဆန်စပါးစိုက်ပျိုးသည့် လယ် သမားများအား ၂၀၁၄-၁၅  သီးနှံစိုက်ရာသီတွင် စိုက်ပျိုးခြင်းမပြုရန် တားမြစ်ထားကြောင်းသိရသည်။

ဉာဏ်တင်

International Trade News

Pages