အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ငွေချေးနိုင်ပြီ

Mon, 10/02/2017 - 06:23 -- admin_ygn

         အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း  (My-P12) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် SMEs များ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းကော်မတီ (Working Committ -ee) ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှစတင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ငွေတိုက်ဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ UMFCCI မှ တာဝန်ရှိသူများနဲ့ ဖွဲ့စည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
      ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)မှ မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ရှည်ချေးငွေများကို ၂၀၁၅ ခုနှစ်မှ စတင်ပြီး သုံးကြိမ်ခွဲ၍  ထုတ်ချေးဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ချေးငွေစုစုပေါင်းဂျပန်ယန်း ၄ ဒသမ ၇၇၄ ဘီလီယံနှင့်  ညီမျှသော မြန်မာကျပ်ငွေ ၅၇ ဘီလီယံကို ထုတ်ချေးပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါချေးငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်ဆင့် SMEs များ ဘဏ်ချေးငွေရရှိရေး လုပ်ငန်းကော်မတီ (Working Committee) ၏ ကြီးကြပ်မှုဖြင့်  Project Finance Institutions(PFIs) ဖြစ်ကြသော အသေးစားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန် မာနိုင်ငံသားများဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ကမ္ဘောဇဘဏ်တို့မှတစ်ဆင့် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် သုံးနှစ်သို့မဟုတ် ငါးနှစ်အရစ်ကျပြန်ဆပ်သည့်စနစ်ဖြင့် ထုတ်ချေးဆောင် ရွက်လျက်ရှိရာ မြန်မာနိုင်ငံ တစ်ဝန်းရှိ  လုပ်ငန်းရှင် စုစုပေါင်း ၂၆၉ ဦးသို့ ထုတ်ချေးပေးပြီးဖြစ်ပါတယ်။
          ချေးငွေထုတ်ချေးသည့်စနစ်မှာ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်တစ်ဦးလျှင် လုပ်ငန်းအရွယ် အစားနှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်အရ မြန်မာငွေ ကျပ်သိန်း ၅၀၀၀ အထိ ငါးနှစ်အသုံးပြုနိုင်ရန် ထုတ် ချေးပေးနိုင်ပြီး အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကာ ထုတ်လုပ်မှုလုပ်ငန်းများသာမက ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ထုတ်ချေးပေးလျက်ရှိသည်။  ထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် ဆန်စက်၊ စားသောက်ကုန်၊ ဆီစက်၊ အထည် ချုပ်၊ ဆောက်လုပ်ရေး၊ ပလတ်စတစ်၊ လုပ်ငန်းသုံးပစ္စည်း၊ ဝန်ဆောင်မှုအနေဖြင့် ပညာရေး၊ ဟိုတယ်၊သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးတို့နှင့် လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းများပါဝင်ကြောင်း သိရှိရပါတယ်။ ဂျပန်နို င်ငံမှ မြန်မာနိုင်ငံသို့ SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ချေးသုံးစွဲခွင့်ပြုသည့်ကာလမှာ နှစ် ၄၀ ဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၀ နှစ် နောက်တွင် အရစ်ကျ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရှိရပြီး မြန်မာနိုင်ငံ၏ SME လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိတာကြောင့် ချေးငွေမရသေးတဲ့ လုပ်ငန်းများအနေဖြင့်လည်း ယခင် ချေးငွေရရှိပြီးသား SME လုပ်ငန်းရှင်များမှ ပြန်လ ည်ပေးဆပ်သည့်  ငွေကြေးများအား သက်ဆိုင်ရာ ဘဏ်အသီးသီးမှ ပြန်လည်ထုတ်ချေးပေးသည့် အစီအစဉ်အရ ချေးငွေများ ရယူထုတ်ချေးနိုင်ကြောင်း သိရှိရပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ချေးငွေများ ထုတ်ချေးပေး ခဲ့ရာမှာ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေများမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ထုတ်ချေးပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အများဆုံးထုတ်ချေးပေးခဲ့သည့် တိုင်းဒေသကြီးမှာ  ရန် ကုန်တိုင်း ဒေသကြီးဖြစ်ပြီး အများဆုံးထုတ်ချေးပေးခဲ့သည့် ပြည်နယ်မှာရှမ်းပြည်နယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသော လုပ်ငန်း ရှင်များအနေဖြင့် မိမိတို့လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ချေးငွေများ လိုအပ် ပါက အထက်ဖော်ပြပါ ဘဏ်ခြောက်ခုနှင့်  ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း သတင်းကောင်းပါး တင်ပြလိုက်ပါတယ်။

 

ဇေယျာဆွေ(သတင်း/အရည်အသွေး)

Local Trade News

Pages