ဆန်ချောဈေးငြိမ်ပြီး အရောင်းအဝယ်အေးသော်လည်းဆန်ကြမ်းဈေးတက်ပြီးအရောင်းအဝယ်သွက်

Tue, 06/28/2016 - 05:23 -- admin_ygn

         ယခုတစ်ပတ် ရန်ကုန်မြို့ရဲ့ဆန်ချောဈေးကွက်က ပုံမှန် အခြေအနေရှိနေတယ်လို့ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ဇွန် ၂၄ ရက်လက်ကားဆန်ဈေးနှုန်းများအရ သိရှိရပါတယ်။ဖျာပုံပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ၃၅၀၀၀ ကျပ်၊ လတ်စ တစ်အိတ်၃၂၅၀၀ ကျပ်၊မြောင်းမြ ပုသိမ်ပေါ်ဆန်း ဆန်ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊  လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်၊ နယ်စုံပေါ်ဆန်းဆန်ထိပ်စတစ်အိတ် ၃၃၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၂၀၀၀ ကျပ်နဲ့ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ် နေပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ ဆန်အဝင်ပုံမှန် ရှိပြီး ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းဆန်ကတော့ အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။
        ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်ထိပ်စတစ်အိတ် ကျပ် ၃၂၅၀၀၊ လတ်စတစ်အိတ် ၂၂၀၀၀ ကျပ်၊နွေသီးထပ် (ရှယ်)ဆန်တစ်အိတ် ၂၀၅၀၀ ကျပ်မှ ၂၀၇၀၀ ကျပ်ဖြင့် ယခင်တစ် ပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ နွေဆန်ရက် ၉၀ ဈေးနှုန်းက တော့ တစ်အိတ် ၂၁၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ဖြစ်လို့ တစ် အိတ်ကို ကျပ် ၅၀၀  ခန့်ဈေးတက်လာပါတယ်။ ဆန်အဝင်ပုံမှန် ရှိပြီး အရောင်းအဝယ်ပုံမှန်ရှိသော်လည်း သင်္ဘောတင်ရှိတဲ့ အတွက် ဧည့်မထ ၂၅ မှတ် က  အဝယ်လိုက်နေတယ်လို့ ကုန်စည်ဒိုင်ဈေးကွက်မှ သတင်းရရှိရပါတယ်။
          မူဆယ်ကုန်စည်ဒိုင်ရဲ့ ဇွန် ၂၄ ရက်ပေါက်ဈေးအရ ဧည့်မထဆန် ၅ မှတ်  မှော်ဘီတစ်အိတ်ကို ၁၄၀-၁၄၃ ယွမ်၊ စူပါတစ်အိတ်ကို ၁၄၆-၁၄၉ ယွမ် ၊ဧည့်မထ ၁၀ မှတ် မှော်ဘီ တစ်အိတ် ၁၃၅-၁၃၈ ယွမ်၊ စူပါတစ်အိတ် ၁၄၄-၁၄၅ ယွမ်၊ ၂၅ မှတ် မနောသုခတစ်အိတ် ၁၃၀-၁၃၄ ယွမ်၊ငစိန် ၅ မှတ် တစ်အိတ် ၁၄၀-၁၄၃ ယွမ် ၊ငစိန် ၂၅ မှတ်တစ်အိတ် ၁၃၆-၁၃၈ ယွမ်ရှိတယ်လို့သိရပါတယ်။ ဇွန် ၂၄ ရက် ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၇၈ ဒသမ ၈၉ ကျပ်ဖြစ်ကြောင်းနဲ့ ပြည်တွင်း နယ်စုံမှ မူဆယ်ကုန်စည်ဒိုင်သို့ နေ့စဉ် ဆန်တန်ချိန် တစ်ရက် ပျမ်းမျှ ၁၁၄၉ တန်ကျော်ဝင်ရောက်မှုရှိပြီး ဇွန် ၁၉ ရက်မှ ၂၃ ရက်အထိ ဆန်တန်ချိန် စုစုပေါင်း ၅၇၄၆ တန် ဝင်ရောက်ခဲ့တယ်လို့ မူဆယ် (၁၀၅)မိုင်မှ သတင်းရရှိပါတယ်။ ဒီတစ်ပတ် တရုတ်ဘက်ကို ဆန်စီးဆင်းရတာ အဆင် ပြေနေတယ်၊ အရောင်းအဝယ်  ပုံမှန်ရှိတယ်၊ ကုန်သည်တွေ တစ်နေ့ကို ၁၀ ဦးမှ ၁၇ ဦးခန့်အထိ လာရောက်ဝယ်ယူမှုရှိတယ် လို့ မူဆယ်ဆန်ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။   

 

ယဉ်ယဉ်အေး