စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၏ စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်းသိကောင်းစရာများ

Thu, 12/22/2022 - 09:34 -- mocadmin

         စာပေနှင့်အနုပညာမူပိုင်ခွင့်တွင် အခွင့်အရေးအမျိုးအစား (၂) မျိုးရှိပါသည်။ ၎င်းတို့မှာ စာပေ နှင့် အနုပညာမူပိုင်ခွင့် (Copyright) နှင့် ဆက်နွှယ်သည့်အခွင့်အရေးများ (Related Rights) ဟူ၍ ဖြစ်ပါသည်။ စာပေ သို့မဟုတ် အနုပညာများကို ဖန်တီးသည့် မူလလက်ရာရှင်များသည် စာပေနှင့် အနုပညာမူပိုင်ခွင့် (Copyright) ရရှိပြီး အနုပညာလက်ရာများကို အများပြည်သူထံသို့ ရောက်ရှိစေရန် ဆောင်ရွက်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများသည် ဆက်နွှယ်သည့်အခွင့်အရေးများ (Related Rights) ကို ရရှိမည်ဖြစ်ပါသည်။

          စာပေနှင့်အနုပညာမူပိုင်ခွင့် (Copyright) သည် စာပေ၊ တေးဂီတ၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် အရုပ်အသံလက်ရာ၊ ပြဇာတ်လက်ရာ အစရှိသည့် စာပေ သို့မဟုတ် အနုပညာဆိုင်ရာလက်ရာများကို ဖန်တီးမှုများနှင့် သက်ဆိုင်ပါသည်။ စာပေနှင့် အနုပညာ မူပိုင်ခွင့်၏ အခွင့်အရေးများ အနေဖြင့် မူလ လက်ရာရှင်များကို ၎င်းတို့ဖန်တီးထားသည့် လက်ရာများအတွက် သီးသန့်အခွင့်အရေးများကို ပေးအပ် ထားပါသည်။ စာပေနှင့် အနုပညာ မူပိုင်ခွင့်ပိုင်ရှင်သည် စီးပွားရေးဆိုင်ရာအခွင့်အရေး (Economic Right) နှင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာအခွင့်အရေး (Moral Right) (၂) မျိုးတို့ကို ရရှိမည်ဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာ အခွင့်အရေးသည် အခွင့်အရေးပိုင်ရှင်များအား ၎င်းတို့၏လက်ရာများကို အခြားသူ များက အသုံးပြုခြင်းအတွက် ငွေကြေးဆိုင်ရာ အကျိုးခံစားခွင့်ရရှိရန် ခွင့်ပြုထားပါသည်။ ကိုယ်ကျင့် သိက္ခာဆိုင်ရာ အခွင့်အရေးသည် မူလလက်ရာရှင်များနှင့် ၎င်းတို့၏ လက်ရာများအကြား ဆက်နွယ်မှု ကို ဖော်ပြနိုင်သည့် ကိုယ်ပိုင်အခွင့်အရေးဖြစ်ပြီး မူလလက်ရာရှင်က ၎င်း၏စီးပွားရေးဆိုင်ရာ အခွင့် အရေးများကို ရောင်းချပြီးသည့်တိုင်အောင် ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေးသည် ၎င်းနှင့်အတူ ကျန်ရှိနေမည် ဖြစ်ပါသည်။

          ဆက်နွယ်သည့်အခွင့်အရေးများ (Related Rights) ကို ဖျော်ဖြေတင်ဆက်သူများ၊ ဖိုနိုဂရမ် ထုတ်လုပ်သူများနှင့် ထုတ်လွှင့်သည့်အဖွဲ့အစည်းများက ရရှိမည်ဖြစ်ပြီး ဆက်နွှယ်သည့်အခွင့်အရေး ပိုင်ရှင်များအနေဖြင့်လည်း စီးပွားရေးဆိုင်ရာ အခွင့်အရေး (Economic Right) နှင့် ကိုယ်ကျင့်သိက္ခာ ဆိုင်ရာအခွင့်အရေးများ (Moral Right)(၂)မျိုး ကို ရရှိမည်ဖြစ်ပါသည်။