အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများ၏ ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး(5th ACFTA WGCC) အတွက် ပထမအကြိမ် အာဆီယံဒေသတွင်းအစည်းအဝေးတက်ရောက်ခြင်း

Mon, 01/29/2024 - 04:05 -- competition

          ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်မှုအတွက် ညှိနှိုင်းမှုများစတင်ကြောင်း ကြေညာခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်မှုဒေသ အဆင့် မြှင့်တင်ရေး ညှိနှိုင်းမှုများကို ၂၀၂၃ ခုနှစ်မှစတင်၍ အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့ပါသည်။

          ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် တတိယအကြိမ် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲအထူးကော်မတီ အစည်းအဝေးတွင် အဆင့်မြှင့်တင်မှုအတွက် ဖွဲ့စည်းဆောင်ရွက်မည့်ပုံစံနှင့် လုပ်ငန်းအစီအစဉ်တို့ကို ဆွေးနွေးခဲ့ပါသည်။

          အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှုများအတွက် လုပ်ငန်းအဖွဲ့ (၁၂) ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ သဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုအခန်းနှင့် စားသုံးသူကာကွယ်ရေးအခန်းတို့အတွက် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က ဆွေးနွေးလျက်ရှိပါသည်။

          အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး(5thACFTA WGCC) အတွက် ပထမ အကြိမ် အာဆီယံဒေသတွင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ယှဉ်ပြိုင်မှုကဏ္ဍမှကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်‌ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၈)ဦး တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါ သည်။