အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ အပြီးသတ်ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

Mon, 06/17/2024 - 08:35 -- competition

     အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ အပြီးသတ်ညှိနှိုင်း အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် ပူးတွဲပုံစံ (Hybrid) ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းရေးဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင် ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Ms. Lolibeth Ramit-Medrano က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀) ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

     အစည်းအဝေးတွင် မူဘောင်သဘောတူစာချုပ်တွင် ထည့်သွင်းမည့် ညှိနှိုင်းဆွေးနွေးခြင်း အပိုဒ်အတွက် စာသားမူကြမ်းအပေါ် ဆွေးနွေးခဲ့ကြ၍ အပိုဒ် (၉) “အဖွဲ့အစည်းဆိုင်ရာ အခန်းကဏ္ဍ” နှင့် အပိုဒ် (၁၀) “နည်းပညာပိုင်းဆိုင်ရာအကူအညီပေးမှုနှင့် စွမ်းအားစုတည်ဆောက်ခြင်း”၊ အပိုဒ် (၁၁) “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ”၊ အပိုဒ် (၁၂) “တိုင်ပင်ဆွေးနွေးခြင်း” နှင့် အခန်း (၁၃) “နောက်ဆုံးပြဋ္ဌာန်းချက်များ” တို့တွင် ပြောင်းလဲပြင်ဆင်မည့် စာသားများအပေါ် ဆွေးနွေးခဲ့ကြပါသည်။

     အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး မူဘောင်သဘောတူစာချုပ်အပေါ် ဥပဒေအဖွဲ့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဥပဒေရေးရာအချောသတ်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အပါအဝင် ဆွေးနွေးညှိနှိုင်းမှုများအပြီး ဆက်လက်ဆောင်ရွက်ရမည့် အချိန်ဇယားကို သဘောတူညီခဲ့ကြပါသည်။ မူဘောင်သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ်၊ မေလတွင် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးတွင် လက်မှတ်ရေးထိုးနိုင်ရေး ဦးတည်ဆောင်ရွက်သွားရန် သဘော တူညီခဲ့ကြပါသည်။

     ပြည်တွင်းလုပ်ထုံးလုပ်နည်းများပြီးစီးကြောင်း အကြောင်းကြားစာ သို့မဟုတ် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ အတည်ပြုချက်၊ သဘောတူညီချက် သို့မဟုတ် လက်ခံချက်ရရှိပြီး ရက်ပေါင်း မည်မျှကြာလျှင် မူဘောင်သဘောတူစာချုပ်ကို အာဏာသက်ဝင်စေရန် ဆွေးနွေးဖော်ထုတ်သွားကြရန် အစည်းအဝေးတွင် သဘောတူညီခဲ့ကြပါသည်။