စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Tue, 10/24/2023 - 05:49 -- ipICTdep

နေပြည်တော်၊ အောက်တိုဘာလ ၂၀

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊  စုစုပေါင်း (၇၅) ဦးခန့် တက်ရောက်ခဲ့ကြသည်။

   ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် စတင်အာဏာတည်မည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဥပဒေများအား ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်မည့်စီမံချက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိရာ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများကို စီးပွားရေးလုပ်ငန်းရှင်များသိရှိနိုင်ရန် ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်းကောင်း၊ ဩဂုတ်လတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်းကောင်း၊ စက်တင်ဘာလတွင် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ အသိပညာပေးဆွေးနွေးပွဲများပြုလုပ်ခဲ့ပါကြောင်း၊ ယခုအောက်တိုဘာလတွင် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှကိုယ်စားလှယ်များကို အသိပညာပေးခြင်းဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိနားလည်ခြင်းအားဖြင့် ကိုယ်တိုင်ဖန်တီးပြုလုပ်ထားသည့်အရာများ သို့မဟုတ် ဈေးကွက်တွင် ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ထုတ်ကုန်ပစ္စည်းများ၏ ဒီဇိုင်းများကို အခြားသူတစ်ဦးဦးက ပုံတူကူးချခြင်း၊ အတုပြုလုပ်ရောင်းချခြင်း၊  ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်းများကို ဥပဒေနှင့်အညီ တားဆီးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ထို့နောက် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။