လက်လီလက်ကားရောင်းချမှုဆိုင်ရာဖိုရမ်ကျင်းပ(COVID-19အကြပ်အတည်းကြားမှသည်လက်လီလက်ကားကဏ္ဍဖွံ့ဖြိုးရေးဆီသို့ )

Thu, 08/06/2020 - 06:44 -- eiprdep

COVID-19 Economic Relief Plan (CERP)၏ပန်းတိုင်များအနက် ပန်းတိုင် ၅.၁ (ဆန်း သစ်ထုတ်ကုန်များ မိတ်ဆက်ခြင်း) တွင်ပါဝင်သော လက်လီရောင်းချမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည့် စီမံချက်များကို အကောင်အထည်ဖော်နိုင် စေရန်အတွက်လည်းကောင်း၊ ကိုဗစ်ကာလအတွင်း ပြည်သူများ၏ ဝယ်လိုအားကျဆင်းနေခြင်းကို ပြန်လည်ကောင်းမွန်လာရေးအထောက်အကူပြုနိုင်ရန်အတွက်လည်းကောင်း"လက်လီလက်ကား ရောင်းချမှုဆိုင်ရာဖိုရမ်”ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းတို့ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဖိုရမ်ကို လက်လီလက်ကားကဏ္ဍတွင် ဆောင်ရွက်နေသူများနှင့် ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ ဆွေးနွေးပြောကြားသူများ၊ ဖိတ်ကြားထားသည့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း (၈၀) ဦးခန့်မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၊ မင်္ဂလာခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီကျင်းပခဲ့ပြီး၊ လက်လီလက်ကားရောင်းချမှု supply chain တွင် ပါဝင်သော လုပ်ငန်းရှင်များ နှင့် စိတ်ပါဝင်စားသူများတက်ရောက်နိုင်စေရန်အတွက် Zoom application ဖြင့်လည်း ချိတ်ဆက်တက်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ Zoom application ဖြင့် အွန်လိုင်းမှမှတ်ပုံတင်စာရင်းပေးသွင်းသူ (၂၉၆) ဦးရှိပြီး၊ ပါဝင်တက်ရောက်သူ (၂၀၁) ဦးရှိကြောင်း သိရပါသည်။

ဖိုရမ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့မှ အဖွင့်အမှာစကားများပြောကြားခဲ့ပြီးလက်လီလက်ကားရောင်းချသူများ၊ ကုန်စည်ဖြန့်ချီသူများ၊ ထုတ်လုပ်သူများမှ ခေတ်မီဆန်းသစ်သော လက်လီ၊လက်ကားရောင်းချမှုလုပ်ငန်းဆောင်ရွက်ရာတွင်ရရှိသောအခွင့်အလမ်းနှင့် ကြုံတွေ့ရ သောစိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊နိုင်ငံခြားဖက်စပ်ကုမ္ပဏီများနှင့် နိုင်ငံခြား သားကုမ္ပဏီများမှ လက်လီ၊လက်ကားရောင်းချမှုလုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံခြားသား လုပ်ငန်းရှင်များရရှိနိုင်မည့် အခွင့်အလမ်းနှင့် တွေ့ ကြုံရသောစိန်ခေါ်မှုများခေါင်းစဉ်ဖြင့် လည်းကောင်း၊ လက်လီလက်ကားရောင်းချမှုလုပ်ငန်းများ ဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်းစဉ်များ ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များမှလည်းကောင်း၊ လက်လီ လက်ကားရောင်းချမှုဆိုင်ရာမူဝါဒ၊လုပ်ထုံးလုပ်နည်းများအရ လုပ်ငန်းဆောင်ရွက်ရာတွင်ကြုံတွေ့ရသည့်အားနည်းချက်၊ အားသာချက်များနှင့် အကြံပြုချက်များနှင့်စပ်လျဉ်း၍ လက်လီလက်ကားလုပ်ငန်းရှင်များမှလည်းကောင်း ဆွေးနွေးကြပါသည်။

အဆိုပါဖိုရမ်၏ Theme မှာ COVID-19  အကြပ်အတည်းကြားမှသည် လက်လီလက်ကားကဏ္ဍဖွံ့ဖြိုးရေးဆီသို့” ဖြစ်ပြီး ဆွေးနွေးသူများအနေဖြင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းမှ ၁၅ ဦး၊ လက်လီ၊လက်ကားရောင်းချခွင့် မှတ်ပုံတင်ထားသော နိုင်ငံခြား ကုမ္ပဏီနှင့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများမှ  ၄ ဦးနှင့် ဆက်စပ်ဌာန ၄ ခုမှ ကိုယ်စားလှယ် ၆ ဦး စုစုပေါင်း ၂၅ ဦးဖြစ်ကြောင်း သိရပါသည်။