ပထမအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး

Mon, 10/11/2021 - 09:17 -- competition

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်သည်  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် (တနင်္လာနေ့)၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် Online မှ Virtual စနစ်ဖြင့်  ကျင်းပပြုလုပ်သော ပထမအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များအပေါ် လုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေးအတွက် အသိပညာပေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တိုင်ကြားမှုများအပေါ် လက်ခံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ Covid-19 ကူးစက်ရောဂါကာလအတွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုနည်းပါးစေရေးအတွက် ကော်မရှင်အနေဖြင့် အခြားဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် ASEAN Competition Action Plan 2025 အပေါ် ပြုပြင်မွမ်းမံထားရှိမှုအခြေအနေများ၊ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့အတွက် နှစ်အလိုက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း အသေးစိတ်အစီအစဉ်၏ ကာလလတ်အစီရင်ခံစာအပေါ် အကြံပြုချက်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြပါသည်။ ထို့အပြင် ကိုဗစ် ၁၉ ကူးစက်ရောဂါကာလအတွင်း စီးပွားရေးပြန်လည် ဦးမော့လာစေရေးအတွက် ယှဉ်ပြိုင်မှုမူဝါဒ၏ အခန်းကဏ္ဍများ ပိုမိုခိုင်မာအားကောင်းလာစေရေးနှင့် အာဆီယံယှဉ်ပြိုင်မှု သဘောတူညီချက်အခြေခံမူဘောင်အတွက် ဆွေးနွေးညှိနှိုင်းမှုများ စတင်ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်အခြေခံမူဘောင်နှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့အစည်း အကြီးအကဲများ၊ ဒုတိယအကြီးအကဲများနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၂:၃၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။