ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂-လမ်းသွားကားလမ်း အဆင့်မြှင့်တင်ခြင်း တိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

Wed, 09/02/2020 - 11:30 -- adminDep

နေပြည်တော်၊ စက်တင်ဘာ ၂         ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ NEDA – Neighbouring Countries Economic Development Cooperation Agency တို့အကြား ဆောင်ရွက်မည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ်(ထီးခီး)သို့ ဆက်သွယ်ဖောက်လုပ် မည့် ၂-လမ်းသွားကားလမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားခဲ့သည်။    

     အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်း နယ်စပ်(ထီးခီး)သို့ ဆက်သွယ် ဖောက်လုပ်မည့် ၂-လမ်းသွား ကားလမ်းစီမံကိန်းဖောက်လုပ်ရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ NEDA နှင့်  ညှိနှိုင်းဆွေးနွေးခြင်း တိုးတက်မှုအခြေအနေများ၊ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားပြီးဖြစ် သည့်ချေးငွေကို ထိုင်းနိုင်ငံမှရရှိရေးအတွက် NEDA နှင့်  ညှိနှိုင်းဆောင်ရွက်မှုနှင့် တိုးတက်မှု အခြေအနေများ၊ ၂-လမ်းသွား ကားလမ်းဖောက်လုပ်ရန်အတွက်  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ် လေ့လာမှုဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြကာ အစည်းအဝေးကို (၁၁:၁၅) နာရီတွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages