ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အသိပေးကြေညာခြင်း

Thu, 04/09/2020 - 12:45 -- dotadmin

 

၂၀၁၂ ခုနှစ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ ခုနှစ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေ အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြား သုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရဟု ပြဌာန်းထားရှိပါသည်။

ယင်းဥပဒေပြဌာန်းချက်အရ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန် ရငွေအားလုံးကို ပို့ကုန်များ သင်္ဘောတင်သည့်နေ့မှ (၆)လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်း အသီးသီးသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် တာဝန်ရှိပါသည်။

၂၀၁၇ ခုနှစ်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး ယနေ့အထိ ပို့ကုန်ရငွေ အားလုံးကို လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း မိမိတို့၏ သက်ဆိုင်ရာဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ပို့ကုန်တင်ပို့သည့် ကုမ္ပဏီ(၄၅၃)ခုရှိသည်ကို စိစစ်တွေ့ရှိရ သဖြင့် အဆိုပါကုမ္ပဏီများအနေဖြင့် ယခုကြေညာသည့်ရက်မှ ရက်ပေါင်း(၆၀)အတွင်း  ပို့ကုန်ရငွေ အားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် နှိုးဆော်ခဲ့ပြီး ယင်းကာလအတွင်း ထည့်သွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်ပိတ်သိမ်းခြင်း အပါအဝင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ၂၇-၁-၂၀၂၀ ရက်နေ့မှစ၍ အသိပေးကြေညာခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တတိယအကြိမ် အဖြစ် ပို့ကုန်ရငွေ  အပြည့်အဝပြန်လည်ဝင်ရောက်လာသော ကုမ္ပဏီ(၂၀)ခုစာရင်းအား ပေးပို့လာခဲ့ ပါသဖြင့် ပို့ကုန်ရငွေ ပြန်လည်ထည့်သွင်းရန် ကုမ္ပဏီ(၃၄၁)ခု ကျန်ရှိနေပါသည်။

အဆိုပါ ကုမ္ပဏီ(၃၄၁)ခုအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေအားလုံးကို မိမိတို့ ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် ထပ်မံအသိပေးနှိုးဆော်အပ်ပါသည်။

           

                                                                                                                                                     ကုန်သွယ်ရေးဦးစီးဌာန

                                                                                                                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန                                                  

                                                                                                                       ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ              ရက်

နောက်ဆုံးရသတင်းများ

Pages