ကုန်သွယ်ရေးတင်းမာလာမှုကြောင့် ဥရောပမှတင်သွင်းလာသည့်ဝက်သားများအား ဈေးလျှော့ရောင်းချခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ စတင်စစ်ဆေး

Fri, 06/21/2024 - 04:14 -- mocadmin

   တရုတ်နိုင်ငံမှ တင်ပို့သည့် မော်တော်ယာဉ်များအပေါ် ဘရပ်ဆဲလ်မှ အခွန်နှုန်းတိုးမြှင့် လိုက်ပြီးနောက်နေ့တွင် ဥရောပသမဂ္ဂမှ တင်သွင်းလာသည့် ဝက်သားအချို့အပေါ် ဈေးလျှော့ ရောင်းချမှုနှင့်ပတ်သက်၍ စစ်ဆေးစုံစမ်းမှုများအား ပေကျင်းမှ စတင်ဆောင်ရွက်ခဲ့သည်။ ဥရောပ မှ တင်သွင်းလာသည့် ဝက်သားနှင့် ဝက်ကလီစာ၊ ဝက်ဆီ၊ ဝက်အူ၊ ဝက်သည်းခြေနှင့် ဝက်အစာ အိမ် အစရှိသည်တို့အား စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊ အဆိုပါစုံစမ်းစစ်ဆေးမှုအား ၁၂ လအတွင်းပြီးဆုံးရန် မျှော်မှန်းထားသော်လည်း နောက်ထပ် ၆ လ သက်တမ်းတိုးနိုင်ချေရှိသည်ဟု ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

   ယင်းကဲ့သို့ ဥရောပမှ ဝက်သားများအား စုံစမ်းစစ်ဆေးခြင်းမှာ တရုတ်နိုင်ငံထုတ်လျှပ်စစ် မော်တော်ယာဉ်များအပေါ် အခွန်ကောက်ခံနှုန်းအား EU မှ မကြာသေးမီက တိုးမြှင့်ခဲ့မှုအပေါ် တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်းကပြောကြားခဲ့သည်။

   ယခုကဲ့သို့ စုံစမ်းစစ်ဆေးခြင်းမှာ ပြည်တွင်းလုပ်ငန်းအုပ်စု တစ်ခုဖြစ်သော တရုတ်နိုင်ငံ တိရစ္ဆာန်နှင့် စိုက်ပျိုးရေးအသင်း၏ တရားဝင်တိုင်ကြားချက်အရ ပထမဆုံးအကြိမ် စတင်စစ်ဆေး ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြန်လည်ပြော ကြားခဲ့သည်။ ၎င်းတို့၏ တိုင်ကြားချက်မှာ တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့၏ ဥပဒေ များအရ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အတွက် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟု စုံစမ်းစစ် ဆေးမှုအာဏာပိုင်များက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူမှ ထပ်လောင်းပြောကြားခဲ့ သည်။

   ဥရောပ၏ ဝက်သားလုပ်ငန်းမှာ ထုတ်လုပ်နိုင်စွမ်းထက် ပိုမိုထုတ်လုပ်နေပြီး အထောက် အပံ့ပေးမှု အများအပြားရရှိနေခြင်းကြောင့် တရုတ်နိုင်ငံ၏ ပြည်တွင်းဝက်သားလုပ်ငန်းအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း တိုင်ကြားမှုတွင် ဖော်ပြထားကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ အနောက်နိုင်ငံများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းများမှ တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်များနှင့် ဆိုလာတင်ပို့မှု များအပေါ် အခွန်အခများတိုးမြှင့်ချမှတ်ခဲ့ခြင်းကိုထင်ဟပ်စေသည့် အရေးအသားများအား တရုတ် နိုင်ငံ တိရစ္ဆာန်နှင့် စိုက်ပျိုးရေးအသင်း၏ တရားဝင်တိုင်ကြားချက်တွင် တွေ့ရှိရသည်။

   တရုတ်နိုင်ငံမှ ယာဉ်များတင်သွင်းမှုအပေါ် အထောက်အပံ့ပေးမှု တန်ပြန်အခွန်အား ၃၈ ရာခိုင်နှုန်းအထိ ထပ်မံကောက်ခံရန်နှင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဥရောပကော်မရှင်မှ ပြီးခဲ့ သည့် ရက်သတ္တပတ်က ကြေငြာခဲ့သည်။ ပြီးခဲ့သည့် မေလက အမေရိကန်နိုင်ငံသည် တရုတ် လျှပ်စစ်ယာဉ်များတင်သွင်းမှုအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်းအထိချမှတ်ခဲ့ရာ ယင်းသည် ယခင် ၂၅ ရာခိုင်နှုန်းကောက်ခံနေရာမှ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း၊ တရုတ်ဆိုလာဆဲလ် တင်သွင်းမှုအခွန် မှာလည်း ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆမြင့်တက်ခဲ့ပြီး တရုတ်သံမဏိနှင့် အလူမီနီယံ များမှာ ၃ ဆအထိ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

   ဥရောပ၏ ဆောင်ရွက်မှုအပေါ် ပေကျင်းမှဝေဖန်ခဲ့ပြီး ပေကျင်းအနေဖြင့် ၎င်း၏ ကုန်သွယ် ရေးအကျိုးအမြတ်များ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏နည်းဥပဒေများနှင့် ဈေးကွက် စည်းမျဉ်းစည်း ကမ်းများကို ကာကွယ်ရန်အတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

   တရုတ်ဈေးကွက်သည် ကမ္ဘာ့အကြီးဆုံး ဈေးကွက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ရာ ဥရောပဝက်သားအပေါ် စုံစမ်းစစ်ဆေးရန် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းမှာ ဥရောပဝက်သား လုပ်ငန်း၏ စိုးရိမ်ပူပန်မှုများအား အစပျိုးပေးလိုက်ခြင်းပင်ဖြစ်သည်။ အကယ်၍ တရုတ်နိုင်ငံ အနေဖြင့် ဥရောပမှ အသားတင်သွင်းမှုများအား ကန့်သတ်လိုက်မည်ဆိုပါက ၎င်း၏လုပ်ငန်းများ မှာ အထိနာဆုံးဖြစ်မည်ဟု Danish Agriculture and Food Council  မှ ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ အလားတူတရုတ်နိုင်ငံသို့ ဥရောပ၏ ဝက်သား အများဆုံးတင်ပို့နေသည့် စပိန် နိုင်ငံသည် ယခုကိစ္စရပ်နှင့်စပ်လျဉ်းပြီး အခွန်ကြောင့် ထိခိုက်မှုများမှ ရှောင်လွှဲနိုင်ရန် အဖြေ တစ်ခုအား ဆောလျင်စွာရှာဖွေဖော်ထုတ်သွားရန် ဥရောပသမဂ္ဂမှ တာဝန်ရှိသူများအား တိုက်တွန်း ပြောကြားထားကြောင်း ဖော်ပြပါရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages