ရှမ်းပြည်နယ်ရှိ ကော်ဖီ၊ ထောပတ်သီးနှင့် ဒေသစိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Sun, 08/27/2023 - 13:05 -- mocadmin

နေပြည်တော်၊ သြဂုတ် ၂၇          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းရုံး၌ ရှမ်းပြည်နယ်ရှိ ကော်ဖီ၊ ထောပတ်သီးနှင့် ဒေသစိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပ ပို့ကုန်တိုးမြှင့်ရေးဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌  ရှမ်းပြည်နယ်၏ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် ကော်ဖီနှင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှုကို နိုင်ငံတော်မှ အားပေးမြှင့်တင်ဆောင်ရွက်လျှက်ရှိကြောင်း၊ မြန်မာ့ထောပတ်သီးများ အရည်အသွေးမီ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊  စျေးကွက်တိုးချဲ့၍ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး၊ ပြည်ပသို့ တင်ပို့ရာတွင် ဈေးကွက်နိုင်ငံ၏ လိုလားချက်နှင့်အညီ တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံမှ ထွက်ရှိသော နိုင်ငံတကာအဆင့်မီ ကော်ဖီများကို အလားအလာရှိသည့် နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် အတွက် လိုအပ်ချက်များကို အစိုးရဌာနများ၊ အသင်းအဖွဲ့နှင့် စိုက်ပျိုးထုတ်လုပ်သူများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်ဝင်နိုင်ငံ၏ စံချိန်စံညွှန်းဆိုင်ရာနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေးကိုလည်း ဆက်လက်ညှိနှိုင်းဆောင်ရွက် သွားနိုင်ရေးတို့ အား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများ၏ တင်ပြ ချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေညောင်မြို့ မြနဒီသီနှံအခြောက်ခံစက်ရုံသို့ သွား ရောက်ကာ ပြောင်းကုန်ကြမ်းများ အခြောက်ခံသန့်စင်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟဲဟိုးမြို့၊ တီခေါင်ကျေးရွာအုပ်စု၊ ဥဿကံကျေးရွာရှိ Heho Potato Co.,Ltd အအေးခန်းစက်ရုံသို့ သွားရောက်ခဲ့ပြီး အာလူးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ အာလူးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စျေးကွက်ရရှိရေး၊ တိုးမြှင့် တင်ပို့နိုင်ရေးနှင့် အာလူးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်တောင်သူများ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages