ဥရောပသမဂ္ဂ၏ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်သည် အာဆီယံအတွက် ကောင်းမွန်သောအစီအစဉ် ဖြစ်လာနိုင်ချေ ရှိ/မရှိအပေါ် သုံးသပ်တင်ပြထားခြင်း

Tue, 09/19/2023 - 03:19 -- wtodep

၁။     ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အဆိုပြုခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဧပြီလတွင် စတင်အသက်ဝင်ခဲ့သည့် ဥရောပသမဂ္ဂ၏ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ကောင်းမွန်သော အစီအစဉ်ဖြစ်လာနိုင်ချေ ရှိ/မရှိ အပေါ်အီးယူ-အာဆီယံ စီးပွားရေးကောင်စီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူChris Humphrey ကသုံးသပ်ထားရာ အရှေ့တောင်အာရှရေးရာများကို အဓိကထားသည့် စင်ကာပူအခြေစိုက် FULCRUM သတင်းကဖော်ပြထားပါသည်။

၂။     ဥရောပသမဂ္ဂနှင့် အာဆီယံအဖွဲ့တို့သည် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်ထားနိုင်သည့်အပြင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင်လည်း ဥရောပသမဂ္ဂသည် အာဆီယံ၏ ထိပ်တန်းစီးပွားဖက်နိုင်ငံများတွင် ပါဝင်လျက်ရှိပါသည်။ ဥရောပသမဂ္ဂသည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအဆင့်သို့ မြှင့်တင်သည့်အနေဖြင့် အာဆီယံနိုင်ငံများ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများကိုကူညီရန် “ ကမ္ဘာ့ဝင်ပေါက် ရန်ပုံငွေအစီအစဉ် ” ကို ယူရို ၁၀ ဘီလီယံ မတည်ခဲ့ခြင်း ကလည်း နှစ်ဖက်စလုံး၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုကိုတိုးတက်စေရန် အချက်ပြခဲ့ခြင်းဟု ဆိုနိုင်ပါသည်။

၃။      မည်သို့ပင်ဆိုစေကာမူ ပူးပေါင်းဆောင်ရွက်မှုတို့ထုံးစံအတိုင်း သဘောထားကွဲလွဲမှု များလည်း ပါဝင်လျက်ရှိရာ ဥရောပသမဂ္ဂ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်နှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုက အခက်အခဲဖြစ်စေမည့် အရိပ်လက္ခဏာတစ်ခုအဖြစ် ရှုမြင်ကြပါသည်။အာဆီယံအစိုးရများက အဆိုပါအစီအစဉ်ကို ဥပဒေစည်းမျဉ်းစည်းကမ်းဖြင့် လက်ဝါးကြီးအုပ်ခြင်း၊ ရာသီဥတုကိုလိုနီချဲ့ခြင်း၊ ရာသီဥတုကိုအကြောင်းပြု၍ ကာကွယ်တားဆီးခြင်း စသည်ဖြင့်အမျိုးမျိုးခေါင်းစဉ် တပ်နေကြသကဲ့သို့ အချို့က ပြည်တွင်းနိုင်ငံရေး ရည်ရွယ်ချက်များပင် ပါဝင်နိုင်ကြောင်း၊ အချို့ကလည်း ဥရောပသမဂ္ဂ၏ ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်ခဲ့မှု မရှိခြင်းအပေါ် ထောက်ပြမှုများရှိကြောင်း အများပြည်သူအကြားတွင် သတင်းများထွက်ပေါ်နေပါသည်။

၄။      ဥရောပသမဂ္ဂ၏ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်ဆိုသည်မှာ ဥရောပသမဂ္ဂပလီမန်က ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုခဲ့သည့် သဘာဝရင်းမြစ်ကို ထိရောက်စွာအသုံးပြုပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးဖြစ်စေရန်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ရာသီဥတု၏ရိုက်ခတ်မှုကင်းသော ဥရောပသမဂ္ဂဖြစ်လာစေရေးရည်ရွယ်၍ မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ အဆိုပါဒေသတွင်း ပြုပြင်ပြောင်းလဲမှုများသည် ကမ္ဘာ့ရာသီဥတုနှင့်စပ်လျဉ်း၍ လယ်ယာ၊ စွမ်းအင်၊ ဒီဂျစ်တယ် စက်မှုမှစ၍ ပို့ဆောင်ဆက်သွယ်ရေးပါမကျန် ကဏ္ဍစုံတွင်ချက်ခြင်း ဆောင်ရွက်ရမည့်ကိစ္စများဖြစ်ပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးခေတ်သစ်ကို ရှေးရှုထားပါသည်။

၅။      အချို့သော ပြုပြင်ပြောင်းလဲမှုနည်းလမ်းများသည် အာဆီယံအပါအဝင် ဥရောပသမဂ္ဂ ပြင်ပရှိစီးပွားရေးလုပ်ငန်းများနှင့် တရားစီရင်ပိုင်ခွင့်အာဏာများအပေါ် သိသိသာသာအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခြေလှမ်းအစသည် သွင်းကုန်နှင့်ဆက်စပ်နေကြောင်း သဘောပေါက်သည့် ဥရောပသမဂ္ဂသည် ၎င်း၏ပြင်ပ မိတ်ဘက်များကို သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်တွင်ပါဝင်လာစေရန် ကာဗွန်မပါသောသွင်းကုန်များ တင်သွင်းစေခြင်းဖြင့် ၎င်း၏ ရည်မှန်းချက်ဖြစ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်ခြင်း လုံးဝရပ်တန့်ရန် ကို နှစ်ပေါင်း ၂၀ ထက် လျော့နည်း၍ ဆောင်ရွက်နိုင် မည်ဖြစ်သည်။

၆။      ဥရောပသမဂ္ဂ၏ ကာဗွန်နယ်နမိတ်ညှိနှိုင်းရေးယန္တရား(Carbon Border Adjustment Mechanism)၊ သစ်တောပြုန်းတီးမှု မရှိသော ထုတ်ကုန်များစည်းမျဉ်း (EU Regulation on Deforestation-Free Products)၊ ကော်ပိုရိတ်လုပ်ငန်းကြီးများအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အထူးဂရုပြရန် ညွှန်ကြားချက် (Corporate Sustainability Due Dilligence Directive)နှင့် အစီရင်ခံ တင်ပြခြင်းညွှန်ကြားချက် (Reporting Directive) တို့မှာ ဥရောပသို့တင်ပို့နေသည့် နိုင်ငံများနှင့် လုပ်ငန်းများအတွက် တင်းကြပ်သော စည်းမျဉ်းများဖြစ်ပါသည်။

၇။      အဆိုပါအစီအစဉ်ကို ဖွံ့ဖြိုးဆဲနိုင်ငံများက ကုန်သွယ်မှုအတားအဆီးများအဖြစ်ရှုမြင်ကြပြီး အာဆီယံအပါအဝင် ဥရောပသမဂ္ဂပြင်ပမိတ်ဘက်နိုင်ငံများကလည်း စိုးရိမ်နေကြပါသည်။ ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုမရှိသောစည်းမျဉ်း (EUDeforestation-Free Regulation) ကြောင့် ဆီအုန်းနှင့်ရာဘာတို့ အဓိကတင်ပို့သည့် အင်ဒိုနီးရှားနှင့်မလေးရှားကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများက ၎င်းတို့ပို့ကုန်များအပေါ် ဒဏ်ကြေးချမှတ်ခြင်း(သို့မဟုတ်) ခွဲခြားဆက်ဆံခြင်းမပြုရန်နှင့် လျော့ပေါ့ စဉ်းစားပေးရန် တောင်းဆိုသွားကြမည်ဖြစ်ပါသည်။ (မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် ဆီအုန်းနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ၏ ပြည့်ဖြိုးမြဲစွမ်းအင်ညွှန်ကြားချက် (Renewable Energy Directive II) အပေါ် ဘရပ်ဆဲတွင်အငြင်းပွားမှု တစ်ခုဖြစ်ခဲ့ပါသည်။)

၈။      ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ငွေကြေးနှင့် အထောက်အပံ့များကို ပုံစံမျိုးစုံဖြင့် ပံ့ပိုးပေးလေ့ရှိသော ဥရောပသမဂ္ဂသည် ၎င်း၏ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး စံချိန်စံညွှန်း၊ စည်းမျဉ်း များနှင့်စပ်လျဉ်း၍ လက်ရှိတွင် အထောက်အပံ့အစီအစဉ်များ မရှိသေးပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် သင့်လျော်သော ထောက်ပံ့ကူညီမှုမရှိပဲ အီးယူစံချိန်စံညွှန်းအသစ်များနှင့် ကိုက်ညီစေရန် ၎င်းတို့၏ စီးပွားရေးကိစ္စများကို လိုက်ပါပြုပြင်ပြောင်းလဲရန်မှာ ဖြစ်နိုင်ချေမရှိပါ။ အီးယူသည် အာဆီယံနိုင်ငံများအတွက်ကိုမူ သဘာဝ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးအောက်မှ တိုက်ရိုက်ထောက်ပံ့မှုမျိုးမဟုတ်ပဲ လယ်ယာနှင့်စွမ်းအင်ကဏ္ဍတို့၌ ရေရှည်ဖွံ့ဖြိုးတိုးတက် စေရန်ဟူ၍ TeamEurope Green Deal ကနဦး အစီအစဉ်အောက်တွင် အကူအညီပေးရေးအစီအစဉ်များ ရေးဆွဲထားကြောင်း၊ လက်ရှိတွင် အီးယူသည် မလေးရှား၊ အင်ဒိုနီးရှားတို့နှင့် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးစည်းမျဉ်းဆိုင်ရာ လုပ်ငန်းအဖွဲ့ဖွဲ့စည်း ထားကြောင်း သိရှိရပါသည်။

၉။      ဥရောပသမဂ္ဂ၏ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်သည် အာဆီယံ စီးပွားရေးလုပ်ငန်းများအပေါ်တွင်လည်း ဂယက်ရိုက်ခတ်မှုများ ရှိပါသည်။ စီးပွားရေး လုပ်ငန်းများမှ အစီရင်ခံစာတင်ပြရာတွင် သတ်မှတ်ပုံစံများမရှိခြင်း၊ သဘာဝပါတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်များနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၏ တိုးတက်မှုများအတွက် အချက်အလက်များ မရရှိခြင်း၊ ကိုယ်ရေးကိုယ်တာအချက်များ၊ မြေပုံများအပေါ်တားမြစ်မှုများရှိခြင်းစသည့် စိန်ခေါ်မှုများပါဝင်ပါသည်။ အာဆီယံက တပြေးညီ စံချိန်စံညွှန်းများဖြင့် အစီရင်ခံစာပုံစံကို ထုတ်ဖော်နိုင်ပါကလည်း အီးယူအတွက် အရေးကြီးသောအခန်းကဏ္ဍ ဖြစ်လာနိုင်ပါသည်။

၁၀။    ဥရောပသမဂ္ဂသည် ပဲရစ်ကြေညာစာတမ်းပါ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တားမြစ်ရေး ချက်ခြင်းလုပ်ဆောင်ရမည့် လုပ်ငန်းများအား ဒေသတွင်းနိုင်ငံများမှလိုက်ပါ အကောင်အထည်ဖော်စေရန် မည်မျှဦးဆောင်နိုင်သည်ကို စမ်းသပ်ခံနေရပါသည်။ အာဆီယံ နိုင်ငံများသည် ပဲရစ်ကြေညာစာတမ်းပါ ရာသီဥတုဆိုင်ရာ ဆုံးဖြတ်ချက်ကိုအပြည့်အဝလိုက်ပါ အကောင်အထည်ဖော်မှု မရှိသေးပါ။ Climate Action Tracker အဖွဲ့ကအင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူတို့၏ လိုက်ပါဆောင်ရွက်မှုများသည် လုံလောက်မှုမရှိကြောင်း ထောက်ပြထားသကဲ့သို့ အာဆီယံအထွေထွေ အတွင်းရေးမှူးအဖွဲ့ကလည်း ရည်မှန်းချက်နှင့် လက်တွေ့အကောင်အထည်ဖော်မှု၏ ကွာဟချက်ကြီးမားကြောင်း ဝန်ခံထားပါသည်။

၁၁။    အချုပ်အားဖြင့် ဥရောပသမဂ္ဂ၏ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် အောင်မြင်ရန်မှာ အီးယူအနေဖြင့် အာဆီယံနှင့်ပိုမိုထိတွေ့ဆက်ဆံပြီး ရှင်းလင်းသော လမ်းညွှန်များချပြရန် လိုအပ်သကဲ့သို့ အာဆီယံကလည်း အီးယူ၏ အကူအညီများဖြင့် မိမိတို့၏ပို့ကုန်ဦးစားပေးလုပ်ငန်းများအတွက် ဈေးကွက်ဝင်ရောက်ရေး ကုန်ကျစရိတ်များလျော့ချရန်နိုင်မည့်အပြင် သဘာဝကို ထိန်းသိမ်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အရေးအဖြစ် သတ်မှတ်သင့်ပါကြောင်း၊ အနာဂတ်တွင်မူ စရိတ်ပိုများနှင့် ဆွေးနွေးငြင်းခုံစရာများတိုးလာနိုင်သော်လည်း ရေရှည်အတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိစေသော အစီအစဉ်ဖြစ်ပါကြောင်း သုံးသပ်ထား သည်ကို တင်ပြလိုက်ရပါသည်။

Source: FULCRUM: Analysis Southeast Asia

International Trade News

Pages