အခွန်စည်းကြပ်မှုများအပေါ် စီးပွားရေးလုပ်ငန်းကြီးများ၏ စိုးရိမ်မှုများကို “နွေရာသီဒါဗို့စ်” စီးပွားရေးဖိုရမ်တွင် မီးမောင်းထိုးပြခဲ့

Tue, 07/09/2024 - 03:33 -- wtodep

ကမ္ဘာ့အကောက်ခွန်နှုန်းတား အပြောင်းအလဲများကြောင့် ရိုက်ခတ်မှုများကို လျော့ပါးသက်သာစေရန် ကုမ္ပဏီများအနေဖြင့် မဟာဗျူဟာများ စဉ်းစားနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ဒါလျှံမြိုတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က ကျင်းပခဲ့သော “ နွေရာသီဒါဗို့စ် ” စီးပွားရေးဖိုရမ်သို့ တက်ရောက်သူများက ပြောကြားခဲ့ပါသည်။

တရုတ်ဝန်ကြီးချုပ် Li Qiang က အမေရိကန်၊ အီးယူနှင့် ကနေဒါတို့မှ တရုတ်ကုမ္ပဏီများအပေါ် ကုန်သွယ်မှုအတားအဆီးများ ပိုမိုကျင့်သုံးလာကြကြောင်း၊ နိုင်ငံစုံစနစ်မှ ဖယ်ခွာခြင်းသည် ကမ္ဘာကြီးအား အဘက်ဘက်မှ ဆုံးရှုံးစေမည်ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး ကုန်သွယ်မှု၌ ပွင့်လင်းမြင်သာရှိရေး၊ အကာအကွယ်ပေးရေး မူဝါဒကိုဆန့်ကျင်ရေး တောင်းဆိုခဲ့ပါသည်။

ဂျော့ချ်ဝါရှင်တန်တက္ကသိုလ်၊ စီးပွားရေးနှင့်နိုင်ငံတကာရေးရာ ပါမောက္ခ မက်ဂီချန်းက အကောက်ခွန်နှုန်းများ မြင့်မားလာမှုနှင့် ထပ်တိုးအကောက်ခွန်ကောက်ခံလာမှုကြောင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများသည် ဈေးနှုန်းကြီးခြင်း၊ အချိန်ကြာကြာစောင့်နေရခြင်း၊ မသေချာမှုများရှိခြင်းစသည့် စိန်ခေါ် မှုများကြုံတွေ့ရကြောင်းနှင့် စီးပွားရေးဖိုရမ်သို့ တက်ရောက်လာသည့် လုပ်ငန်းများ၏ စိုးရိမ်ပူပန်မှုကို ခံစားမိပါကြောင်း ပြောကြားခဲ့သည်။

တရုတ်အစိုးရက ယခုနှစ်အတွင်း နိုင်ငံ့စီးပွားရေးကို ၅%တိုးတက်စေရန် မူဝါဒချမှတ်ထားရာ ဈေးပေါသော တရုတ်ပို့ကုန်များနှင့် စက်မှုထုတ်ကုန်များက မူဝါဒအောင်မြင်ရန် ပံ့ပိုးပေးကြောင်း၊  ထို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများက ၎င်းတို့၏ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဈေးကွက်ပျောက်မည်ကို စိုးရိမ်လာပြီး အမေရိကန်၊ အီးယူနှင့် ကနေဒါတို့က တရုတ်လျှပ်စစ်ကားများအပေါ် အကောက်ခွန်နှုန်းတိုးမြှင့် ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြင့် တန်ပြန်ခဲ့ပါသည်။

စီးပွားရေးဖိုရမ်သို့ တက်ရောက်လာသည့် တရုတ်အစိုးရဝန်ထမ်းများက အကောက်ခွန်တိုးမြှင့်မှုများကြောင့် တရုတ်နှင့်လက်တွဲလုပ်ကိုင်နေသော နိုင်ငံတကာကုမ္ပဏီများအပေါ် အကျိုးသက်ရောက်မှုများကို မှတ်ချက်ပြုရန် ငြင်းဆိုခဲ့ကြပြီး အမေရိကန်၊ အီးယူဟု တိုက်ရိုက်အမည်တပ်ပြောကြားခြင်းမပြုပဲ အကောက်ခွန်တိုးမြှင့်မှုကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် ငွေကြေးဖောင်းပွမှုတို့မှ ကာကွယ်ပေးရန် မလွယ်ကူတော့ကြောင်းသာ ပြောကြားခဲ့ကြပါသည်။

တရုတ်နိုင်ငံတကာကုန်သွယ်မှုတိုးမြှင့်ရေး ကောင်စီဥက္ကဌ ရမ်ဟုမ်ဘင်က ရာသီဥတုပြောင်းလဲမှုများကို ဖြေရှင်းနေချိန်တွင် အကောက်ခွန်တိုးမြှင့်လိုက်ခြင်းကြောင့် တရုတ်ပို့ကုန်လုပ်ငန်းရှင်များသာမက အခြားစီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆွစ်ဇာလန်မှ ပြန်လည်အသုံးပြု (recycling) နည်းပညာကုမ္ပဏီ WasteFlow ၏ အမှုဆောင်အရာရှိချုပ် Theophile Agresti က ကုန်ကြမ်းကိုတရုတ်နိုင်ငံ၊ ရှန်ကျန်းမှဝယ်ယူခြင်းထက် ထိုင်ဝမ်မှဝယ်ယူတော့မည်ဖြစ်ကြာင်း ပြောကြားခဲ့ပါသည်။

အရှေ့တောင်အာရှနိုင်ငံများ၌ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမေရိကန်၏အကောက်ခွန်ကို ရှောင်ရှားနိုင်ခြေ ရှိ/မရှိကို တရုတ်အမှုဆောင်အရာရှိချုပ်များက မလေးရှားလုပ်ငန်းရှင်များနှင့်ဆွေးနွေးနေကြကြောင်း Financial Review သတင်းက ဖော်ပြထားပါသည်။

တရုတ်စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌက တရုတ်စီးပွားရေးလုပ်ငန်းများသည် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများအပြင် ကမ္ဘာနှင့်အဝှမ်းစိန်ခေါ်မှုများကိုလည်း ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အစိုးရသည် ၂၀၂၀ ပြည့်နှစ်မှစ၍ ပုဂ္ဂလိက လုပ်ငန်းငယ်များ၏ နည်းပညာ၊ ငွေကြေးထောက်ပံ့မှု၊ ပညာရေးကဏ္ဍများ၌ အခက်ခဲများကိုဖြေရှင်းနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် အိမ်ခြံမြေဈေးကွက်ရပ်တန့်နေမှု က စီးပွားရေးတိုးတက်မှုကို တားဆီးနေကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ဝန်ထမ်းဟောင်းတစ်ဦးက တရုတ်အစိုးရအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းအများဆုံး ဖန်တီးပေးနေသည့် အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် သိသာသော အကျိုးသက်ရောက်မှုများရစေရန် နည်းပညာနှင့်ဝန်ဆောင်မှုဆိုင်ရာဥပဒေများကို ပြောင်းလဲပေးခဲ့ပြီဖြစ်သောကြောင့် ယခုအခြေအနေတွင် အတိတ်ကကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများကို အားပေးကူညီနိုင်မည်ဟု မထင်ကြောင်း ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        Financial Review

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages