အိန္ဒိယနိုင်ငံမှ အဆိုပြုခဲ့သော အိန္ဒိယ နှင့် ဥရောပသမဂ္ဂအကြား လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်သည် ကစားပွဲကို လုံးဝပြောင်းလဲစေနိုင်မည်ဟု အိန္ဒိယမျှော်လင့်

Tue, 03/07/2023 - 08:55 -- wtodep

အိန္ဒိယနိုင်ငံမှ အဆိုပြုခဲ့သော အိန္ဒိယနှင့် ဥရောပသမဂ္ဂအကြား လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်သည် နှစ်ဘက်စလုံး၏ ကစားပွဲကို လုံးဝပြောင်းလဲစေနိုင်မည်ဟု မျှော်လင့်ကြောင်း၊ မကြာမီအချိန်အတွင်း နှစ်ဖက်အကျိုးအမြတ်ရှိစေမည့် ညှိနှိုင်းမှုများဖြင့် သဘောတူညီချက်ကို အပြီးသတ်နိုင်မည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး S.Jaishankar က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အိန္ဒိယစက်မှုအသင်းချုပ် တွေ့ဆုံ ပွဲ၌ ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ဥရောပတို့ နှစ်ဖက်အကြား လုပ်ပိုင်ခွင့်များကို မဟာဗျူဟာမြောက် မြှင့်တင်သွားမည်ဖြစ်ပြီး အချင်းချင်းမှီခိုမှုများကို လျှော့ချသွားမည်ဖြစ်ကြောင်း၊ အရေးကြီးနည်းပညာဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ပြီး ထုတ်လုပ်ရောင်းချမှု ကွင်းဆက်ကို ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယ-ဥရောပ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်သည် မိမိတို့၏ ရည်မှန်းချက်ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။ လွန်ခဲ့သော ၈ နှစ်ကျော်ကတည်းက ညှိနှိုင်းဆွေးနွေးလျှက်ရှိသည့် အိန္ဒိယနှင့် ဥရောပတို့၏ လွတ်လပ်သောသဘောတူညီချက်ဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတို့နှင့် စပ်လျဉ်းသည့် ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက ပြန်လည်စတင်ခဲ့ပါသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီး S.Jaishankar က နှစ်ဖက်စလုံးသည် ရှုထောင့်ပေါင်းစုံ ပါဝင်သော ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို ယုံကြည်ကြပြီး ထိရောက်သော နိုင်ငံစုံစနစ်ကို အားပေးမြှင့်တင်သွားမည်ဖြစ်ကာ တဖက်နှင့်တဖက်၏ ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ မဟာဗျူ ဟာနှင့် လုံခြုံရေးကိစ္စရပ်များကို အလေးအနက်ထားပါကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ သ‌ဘောတူညီချက်တွင် အိန္ဒိယသည် အကောက်ခွန်မဟုတ်သော အတားအဆီးများ၊ နယ်စပ်ဖြတ်ကျော် အတားအဆီးများဖြစ်သည့် အရည်အသွေးစံချိန်စံညွှန်း၊ အခြား ရည်ညွှန်း သတ်မှတ်ချက်များအပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မကြာမီသေးမီက နှစ်ဖက်ဖွဲ့စည်းတည်ထောင်ခဲ့သော ကုန်သွယ်မှုနှင့် နည်းပညာကောင်စီသည် နှစ်ဖက်အကျိုးတူဆောင်ရွက်ရန် ဖွဲ့စည်းပုံ၊ မဟာဗျူဟာမြောက် လမ်းညွှန်ချက်များကို ချမှတ်ပေးမည်ဖြစ်ပြီး ဉာဏ်ရည်တု (Artificial Intelligence) ကွမ်တမ်သီအိုရီအရ တွက်ချက်ခြင်း (Quantum Computing) ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) နှင့် ဆိုက်ဘာလုံခြုံရေး (cybersecurity) စသည့် အရေးကြီးကိစ္စများတွင် နည်းပညာဖလှယ်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယနှင့် ဥရောပတို့၏ ဆက်ဆံရေးသည် ယခင်ကာလများထက် ပိုမိုခိုင်မာနက်နဲနေပြီး ယခုသဘောတူညီချက်သည် သေချာစေသည့် ပြယုဂ်တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံများအကြား ကြီးမားသောလွတ်လပ်သည့် ကမ္ဘာ့ဈေးကွက်ရှိပြီး ယခုပြောင်းလဲမှုတွင် အိန္ဒိယနှင့် ဥရောပတို့သည် ကြီးမားသော အခန်းကဏ္ဍကို ရရှိထားပါကြောင်း ပြောကြားခဲ့ပါသည်။

ဥရောပသမဂ္ဂသည် ကုန်သွယ်မှုနှင့် နည်းပညာကောင်စီကို အမေရိကန်နှင့် ပထမအကြိမ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အိန္ဒိယနှင့် ဒုတိယ အကြိမ် ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်ပါသည်။

Source: The Economic Times

 

International Trade News

Pages