အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) သည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အဆင့် (၅) သို့ ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်း

Fri, 05/17/2024 - 04:06 -- wtodep

ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုကို အိန္ဒိယနိုင်ငံကကျော်တက်ပြီး လာမည့်နှစ်တွင် ဂျပန် သည် ကမ္ဘာ့အဆင့် ၄ မှ ၅ သို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ခန့်မှန်းချက်များအရ သိရှိရပါသည်။

IMF ၏ ဧပြီလအစီရင်ခံစာအရ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၄.၃၃၉ ထရီလီယံ ရှိမည်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ် လုပ်မှုသည် အမေရိကန်ဒေါ်လာ ၄.၃၁၀ ထရီလီယံ ရှိမည်ဟုခန့်မှန်းထားပါသည်။ ယန်းတန်ဖိုးကျဆင်း မှုကြောင့် ယခင်က ခန့်မှန်းချက်များသည် ၂၀၂၅ ခုနှစ်သို့ တစ်နှစ်စောပြီး ရောက်ရှိလာပါသည်။

လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး စီးပွားရေး တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားပါသည်။ IMF ၏အဆိုအရ ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တိုးတက်နှုန်းသည် ၇.၈ % ရှိပြီး ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တိုးတက်နှုန်းမှာ ၁.၉ % ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံသည် ပြည်တွင်းဝယ်လိုအား ခိုင်မာသည့်အပြင် အစိုးရက နိုင်ငံခြားကုမ္ပဏီများအား အိန္ဒိယသို့ လာရောက်ထုတ်လုပ်ရန် တိုက်တွန်းထားသဖြင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် ၂၀၂၇ ခုနှစ်တွင် ဂျာမနီကို ကျော်တက်ပြီး ကမ္ဘာ့တတိယနေရာသို့ ရောက်ရှိမည်ဟု ခန့်မှန်းရပါသည်။

ဂျပန်နိုင်ငံသည် ကမ္ဘာ့အဆင့် ၄ နေရာကို ၂၀၂၃ ခုနှစ်တွင် ဂျာမနီနိုင်ငံနှင့် ယှဉ်ပြိုင်ရင်း ဆုံးရှုံးခဲ့ပါ သည်။ ဂျပန်နိုင်ငံသည် ၎င်း၏ စီးပွားရေးတိုးတက်မှု မြင့်မားသောကာလဖြစ်သည့် ၁၉၆၈ ခုနှစ်တွင် အနောက်ဂျာမနီကို ကျော်တက်ကာ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ကာလရှည်ကြာ စီးပွားရေးကျဆင်းမှုအပြီး၌  တရုတ်နိုင်ငံက ဂျပန်နိုင်ငံ ကို ကျော်တက်သွားခဲ့ပါသည်။

ဧပြီလ ၂၉ ရက်နေ့တွင် ဂျပန်ယန်းသည် ၃၄ နှစ်ခန့်အတွင်း အနိမ့်ဆုံးအဆင့်ဖြစ်သော ၁ ဒေါ်လာလျှင် ၁၆၀ သို့ ခေတ္တကျဆင်းခဲ့ကာ ယခုနှစ်အစောပိုင်းနှင့်နှိုင်းယှဉ်ပါက ၁ ဒေါ်လာလျှင်  ယန်း ၂၀ အထိ ကျ ဆင်းသွားခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုသည် နှစ်ရှည်လများ ရပ်တန့်နေမှုကို ထင် ဟပ်နေပြီး စီးပွားရေးလုပ်ငန်းများက ကုန်ကျစရိတ်များ ဖြတ်တောက်ခြင်းနှင့် ပြည်တွင်း၌ ပြန်လည် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကာလကြာရှည်နေပြီဖြစ်သော ငွေကြေးတန်ဖိုးကျဆင်းမှုကို တုံ့ပြန်နိုင်ရန် ဆောင်ရွက်နေကြပါသည်။

"ယန်းငွေအားနည်းနေခြင်းနှင့် လတ်တလော ငွေကြေးတန်ဖိုးကျဆင်းခြင်းမှ ပြန်လည်ဦးမော့လာချိန် တွင် ကုမ္ပဏီများအနေဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် တည်ဆောက်သင့်ကြောင်း" ဒိုင်ဝါသုတေသနဌာနမှ အကြီးတန်းစီးပွားရေးပညာရှင် Keiji Kanda က ပြောကြားခဲ့ပါသည်။

Source: https://www.thedailystar.net

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages