အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် သွင်းကုန်ဆိုင်ရာစည်းမျဉ်း ၃၆ / ၂၀၂၃ အား ဆက်လက် ကျင့်သုံးရန် သင့် / မသင့် အပေါ် ပြန်လည်သုံးသပ်နေ

Fri, 03/29/2024 - 03:44 -- wtodep

အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် သွင်းကုန်ဆိုင်ရာစည်းမျဉ်း ၃၆ / ၂၀၂၃ အရ ဆူဟာတို-ဟက်တ နိုင်ငံတကာလေဆိပ်အကောက်ခွန်ရုံး သည် သွင်းကုန်ခွင့်ပြုချက်မရရှိပဲ ပြည်ပမှ သယ်ဆောင်လာသည့် ကုန်စည်များအပေါ် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှ စ၍ အခွန်ကောက်ခံသွားမည်ဖြစ်ပါသည်။

စည်းမျဉ်း ၃၆ / ၂၀၂၃ အရ အင်ဒိုနီးရှားနိုင်ငံသားဖြစ်စေ ၊ နိုင်ငံတကာ ခရီးသည်ဖြစ်စေ တစ်ဦးလျှင် ဖိနပ် ၂ ရံ ၊ အိတ် ၂ လုံး ၊ အထည်အလိပ် (အချောထည်) ၅ ခု၊ အမေရိကန်ဒေါ်လာ ၁၅၀၀ ထိ တန်ဖိုးရှိသော လျှပ်စစ်ပစ္စည်း ၅ မျိုး ၊ ဆဲလ်ဖုန်း ၊ နားကြပ်နှင့်တက်ပလက်ကွန်ပျူတာ ၂ ခုစီကိုသာ အစိုးရက ယူဆောင်ခွင့်ပြုထားပါသည်။

အဆိုပါ ကန့်သတ်မှုသည် ခရီးစဉ်အပေါ် တွက်ချက်ခြင်းမဟုတ်ပဲ တစ်နှစ်လျှင် သယ်ဆောင်နိုင်သည့် ခွင့်ပြုပမာဏဖြစ်ပါသည်။ ကန့်သတ်ပမာဏထက် ကျော်လွန်သယ်ဆောင်လာပါက လေဆိပ်အကောက်ခွန်ရုံးက သွင်းကုန်ခွန်ချမှတ်သွားမည်ဖြစ်ကြောင်း ၊ ယခုစနစ်သည် သွင်းကုန်နှင့်စပ်လျဉ်း၍ လျော့ရဲလာသော နယ်စပ်ဖြတ်ကျော် စည်းမျဉ်းများကို ပြန်လည်တင်းကြပ်လိုက်ခြင်း ဖြစ်ကြောင်း လေဆိပ်အကောက်ခွန်အရာရှိ Gatot Sugeng Wibowo က ရှင်းလင်းခဲ့သည်။

သွင်းကုန်ဆိုင်ရာ စည်းမျဉ်း ၃၆/၂၀၂၃ အပေါ် အများပြည်သူနှင့် စီးပွားရေးအသင်းအဖွဲ့များ၏ ဝေဖန်မှုများအပြီး ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan (Zulhas) က အဆိုပါစည်းမျဉ်းအား ပြန်လည်သုံးသပ်ရေး (သို့မဟုတ်) ပြင်ဆင်ရေးအတွက် စီးပွားရေးရာဝန်ကြီး Airlangga Hartarto နှင့် အစီအစဉ်များကို ဆွေးနွေးနေကြောင်း၊ လက်ရှိတွင်စည်းမျဉ်းကျင့်သုံးမှုကို ဆိုင်းငံ့ထားကြောင်း၊ ခွင့်ပြုခဲ့သော ပြဋ္ဌာန်းချက်များကိုသာ ဆက်လက်ကျင့်သုံးနေကြောင်း ပြောကြားခဲ့သည်။

ကုန်သွယ်ရေးဝန်ကြီးသည် အမှတ်တရပစ္စည်းများ ပါဝင်သည့် ခရီးဆောင်အိတ်များ (souvenirs luggage) အပေါ် အကောက်ခွန် မကောက်ရန်နှင့် ပြန်လည်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ပမာဏများစွာ သယ်ဆောင်လာသော ပစ္စည်းများကိုမူ သွင်းကုန်ခွန် ကောက်ခံရန် ယခင်ကတည်းက ပြောကြားခဲ့ပါသည်။

ယခုစည်းမျဉ်းသည် ပြည်ပရောက် အင်ဒိုနီးရှားနိုင်ငံသားများအပြင် အကောက်ခွန်ဌာန၌ သွင်းကုန်လုပ်ငန်းရှင်နှင့် ထုတ်လုပ်သူ လုပ်ငန်းရှင် (Importer – Manufacturer) မှတ်ပုံတင်ရယူထားသော အမိန့်ရစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ (Authorized Economic Operator – AEO) များ၏ လုပ်ငန်းများအတွက် ကုန်ကြမ်းတင်သွင်းမှုများကိုလည်း စည်းကြပ်ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းစာများက ဖော်ပြထားသည်ကို တင်ပြအပ်ပါသည်။

Source: en.tempo.co

International Trade News

Pages