ဒေသတွင်းကုန်သွယ်မှုသဘောတူစာချုပ် ၆ ခုအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများက ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့

Thu, 04/25/2024 - 05:15 -- wtodep

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များသည် ဧပြီလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ဒေသတွင်းကုန်သွယ်မှု သဘောတူစာချုပ်များ (Regional Trade Agreements- RTAs) ဆိုင်ရာ ကော်မတီအစည်းအဝေး၌ အာဆီယံ၊ အာဆီယံ - ဂျပန်၊ ဥရောပသမဂ္ဂနှင့်ပစိဖိတ်ကျွန်းနိုင်ငံများ၊ ဗြိတိန်-ဗီယက်နမ်၊ ဗြိတိန်-ကိုလံဘီယာ-အီကွေဒေါ-ပီရူးနှင့် ပစိဖိတ်ဒေသ ပိုမိုနီးကပ်သော စီးပွားရေးဆက်ဆံမှု (Pacific Agreement on Closer Economic Relations Plus-PACER Plus) စသည့် ဒေသတွင်းလွတ်လပ် သောကုန်သွယ်မှုသဘောတူစာချုပ် ၆ ခုအပေါ် ပြန်လည် သုံးသပ်မှုများပြုလုပ်ခဲ့ပါသည်။

အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်

ဒေသတွင်းကုန်သွယ်မှု သဘောတူစာချုပ်များဆိုင်ရာကော်မတီသည် ပွင့်လင်းမြင်သာမှုနည်းလမ်းအရ အာဆီယံ၏ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် (ASEAN Trade in Goods Agreement – ATIGA) ကို သုံးသပ်ခဲ့ရာ ဗီယက်နမ်နှင့်ကမ္ဘောဒီးယားတို့တွင် ရေနံထွက်ပစ္စည်းများအား ဖြေလျှော့ရန်ကျန်ရှိသည်မှလွဲ၍  အကောက်ခွန်နှုန်းထားများ ဖြေလျှော့ ကောက်ခံနိုင်ရေးကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ရေနံထွက်ပစ္စည်းများအား ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်နှင့် ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ်တွင် ဖြေလျှော့ရန် မျှော်မှန်းထားကြောင်း၊ အကောက်ခွန်လိုင်းအများစုကို အာဆီယံအတွင်း စည်းကြပ်မှုမရှိတော့ပဲ မဖြေလျှော့ရသေးသည့် အကောက်ခွန်လိုင်းများမှာ ၂% သာကျန်ရှိပြီး ကောက်ခံသည့် နှုန်းများမှာလည်း ၅% မှ ၃၅% ထိသာရှိကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်(ATIGA) ၊အာဆီယံဝန်ဆောင်မှု မူဘောင်သဘောတူညီချက်( ASEAN Framework Agreement on Services - AFAS) ၊ အာဆီယံဝန်ဆောင်မှု ကုန်သွယ်ရေးသဘောတူစာချုပ် (ASEAN Trade in Services Agreement –ATISA) နှင့် အာဆီယံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် (ASEAN Comprehensive investment Agreement-ACIA) တို့ပါဝင်ကြောင်း ဖော်ပြထားပါသည်။

အာဆီယံ-ဂျပန် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်

အာဆီယံ-ဂျပန် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်၏ဝန်ဆောင်မှုကဏ္ဍကို သုံးသပ်ရာတွင် အာဆီယံ−ဂျပန်နိုင်ငံများတွင် ရွှေ့ပြောင်းလုပ်သားများ၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့်ဆက်သွယ်ရေး စသည့်ဝန်ဆောင်မှုလုပ်ငန်းများ၌ ဖြေလျှော့သည့် ကတိကဝတ်များ၌ ခြွင်းချက် အချို့ပါရှိသော်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ အထွေထွေသဘောတူ စာချုပ်ပါ ကတိကဝတ်များထက် ယေဘုယျအားဖြင့် ပိုမိုကျယ်ပြန့်သည်ကို တွေ့ရှိရပါကြောင်း ဖော်ပြထားပါသည်။

ဥရောပသမဂ္ဂနှင့် ပစိဖိတ်ကျွန်းနိုင်ငံများကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်

ဥရောပသမဂ္ဂနှင့် ပစိဖိတ်ကျွန်းနိုင်ငံများ (ပါပူအာနယူးဂီနီ၊ ဖီဂျီ ၊ ဆာမိုအာ ၊ ဆော်လမွန်ကျွန်းစု)ကြား ကုန်စည်ကဏ္ဍအပေါ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကိုသုံးသပ်ခဲ့ရာတွင် အဆိုပါသဘောတူစာချုပ် အာဏာမတည်ခင်ကတည်းက ဥရောပသမဂ္ဂမှ အာဖရိက၊ ကာရေဘီယံနှင့် ပစိဖိတ်အုပ်စုနိုင်ငံများမှ ထုတ်ကုန်အများစုအား ပေးအပ်ထားခဲ့သည့် ၎င်း၏ ဈေးကွက်သို့ အခွန်ကင်းလွတ်ခွင့်နှင့် ခွဲတမ်းမဲ့ဈေးကွက်ဝင်ရောက်ခွင့်တို့ကို ဆက်လက်ပေးအပ်ထားခြင်းဖြစ်ကြောင်း၊ ပစိဖိတ်နိုင်ငံများမှလည်း ၎င်းတို့၏ အကောက်ခွန်နှုန်းများကို ၁၅ နှစ် မှ ၂၅ နှစ်တာကာလအတွင်း ၇၇.၉% နှင့် ၉၀.၇% ကြား ဖြေလျှော့ပေးမည်ဖြစ်ကြောင်း၊ နှစ်ဘက်စလုံးမှ အကာအကွယ်ပေးရေးများ ဆောင်ရွက်ပါက စားနပ်ရိက္ခာဖူလုံရေးတွင် အခက်အခဲများဖြစ်လာနိုင်ကြောင်း၊ ထိုသဘောတူစာချုပ်က ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြင့်ရန်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများအနေဖြင့် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဦးစားပေးအစီအစဉ်များနှင့်အညီ ကမ္ဘာ့စီးပွားရေးတွင် ပါဝင်ပေါင်းစည်းလာရန် ရည်မှန်းထားသည်ကို တွေ့ရှိရပါကြောင်း ဖော်ပြ ထားပါသည်။

ဗြိတိန် - ဗီယက်နမ် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်

ဗြိတိန်−ဗီယက်နမ် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်ကို သုံးသပ်ခဲ့ရာတွင် ဗြိတိန်မှ ယခင်ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ခဲ့စဉ် ဥရောပသမဂ္ဂနှင့် ဗီယက်နမ်ကြား သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များ၏ အများစုကို ကူးယူထားခြင်းဖြစ်ကြောင်း၊ ဗြိတိန်က ဗီယက်နမ်သွင်းကုန်ပစ္စည်းများအပေါ် အကောက်ခွန်နှုန်းထားများကို ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၉၉ % ကျော် ဖြေလျှော့ပေးရန်နှင့် ဗီယက်နမ်က ၂၀၃၅ ခုနှစ်တွင် အကောက်ခွန်နှုန်းထားများကို ၉၇.၆% ဖြေလျှော့ပေးရန် မျှော်မှန်းထားကြောင်း၊ ဝန်ဆောင်မှု ကုန်သွယ်ရေးတွင်လည်း ကတိကဝတ်အများစုသည် ပုံတူကူးယူထားခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းအချို့တွင် တိုးတက်မှုအနည်းငယ် တွေ့ရှိရပါကြောင်းဖော် ပြထားပါသည်။

ဗြိတိန်-ကိုလံဘီယာ-အီကွေဒေါ-ပီရူး ကုန်သွယ်မှုသဘောတူစာချုပ်

ဗြိတိန်-ကိုလံဘီယာ-အီကွေဒေါ-ပီရူး ကုန်စည်နှင့်ဝန်ဆောင်မှုသဘောတူစာချုပ်ကို သုံးသပ်ခဲ့ရာတွင် ယခင်ဥရောပသမဂ္ဂနှင့် ကိုလံဘီယာ-အီကွေဒေါ-ပီရူး ကုန်သွယ်မှုသဘောတူစာချုပ်ကိုပေါင်းစပ်၍ ပြုပြင်မွမ်းမံထားခြင်းဖြစ်ကြောင်း၊အကောင်အထည် ဖော်မှုများအပြီးတွင် အဖွဲ့ဝင်တိုင်းသည် ၎င်းတို့၏ အကောက်ခွန်နှုန်းထားများကို ၉၅% ကျော် ဖြေလျှော့ပြီးဖြစ်ကာ ဗြိတိန်နှင့်အင်ဒီးယန်းနိုင်ငံများအကြား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုဆက်ဆံရေးကို ဆက်လက်ထားရှိ မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ပစိဖိတ်ဒေသ ပိုမိုနီးကပ်သော စီးပွားရေးဆက်ဆံမှုသဘောတူညီချက် (PACER Plus)

ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ PACER Plus သဘောတူစာချုပ်ကို သုံးသပ်ခဲ့ရာတွင် အဖွဲ့ဝင်များအဖြစ် ဩစတြေးလျ၊ ကွတ်ကျွန်းစုနိုင်ငံများ၊ ကီရီဘတ်စ်နိုင်ငံ၊ နယူးဇီလန်၊ နျူအေးနိုင်ငံ၊ ဆာမိုအာ ၊ ဆော်လမွန်ကျွန်းနိုင်ငံများ ၊ တူဗာလူးနိုင်ငံ ၊ တွန်ဂါနှင့် ဗနွားတူနိုင်ငံတို့ပါဝင်ပြီး ထိုသဘောတူစာချုပ် စတင်အသက်ဝင်ချိန်တွင် ဩစတြေးလျနှင့် နယူးဇီလန်တို့သည် ၎င်းတို့၏ အကောက်ခွန်နှုန်းထားများအားလုံးကို ဖြေလျှော့ပေးခဲ့ကြောင်း၊ ပစိဖိတ်နိုင်ငံများအတွက် ဩစတြေးလျနှင့်နယူးဇီလန် သွင်းကုန်များ အပေါ် ကီရီဘတ်စ်နိုင်ငံက ၀ % နှင့် ဗနွားတူနိုင်ငံက ၁၈.၄ % အကောက်ခွန်စည်းကြပ်မှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း တွေ့ရှိရမှုကို ဖော်ပြထားပါသည်။

ကော်မတီ၏ လုပ်ငန်းများကို တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်

ဒေသတွင်းကုန်သွယ်မှုသဘောတူစာချုပ်ဆိုင်ရာ ကော်မတီသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများပါဝင်သည့် စာချုပ် ၃၀ ခုနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများပါဝင်သည့် စာချုပ် ၃၅ ခုတို့၏ ကုန်စည်နှင့်ဝန်ဆောင်မှုတို့ကို သီးခြားတင်ပြနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအသက်ဝင်ဆဲ ဒေသတွင်းကုန်သွယ်မှုသဘောတူစာချုပ် ၅၆ ခုမှာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ အသိပေးအကြောင်းကြားထားခြင်းမရှိဘဲ ဒေသတွင်းကုန်သွယ်မှုသဘောတူ စာချုပ် ၂၁၀ ခုမှာ ၂၀၂၄ ခုနှစ်၊ မတ်လတွင် နောက်ဆုံး ပေးပို့ရမည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာများ ပေးပို့ခြင်းမရှိသေးကြောင်းနှင့် ကော်မတီ၏လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ရင်းမြစ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages