စီးပွားရေးကိုပြောင်းလဲစေနိုင်သည့် ချိတ်ဆက်ထားသော ဝန်ဆောင်မှုများအပေါ် အလေးထားဆောင်ရွက်ရန်လို

Tue, 10/11/2022 - 06:01 -- wtodep

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်

ယခုအခါ ကမ္ဘာ့နိုင်ငံများသည် ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည်နာလန်ထူလာပြီး၊  ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းနေချိန်တွင်   စီးပွားရေးအသွင်ကူးပြောင်းမှုကို တွန်းအားပေးသည့် ဝန်ဆောင်မှု (၄) မျိုးကို အာရုံစိုက်ရန် လိုအပ်လာပြီဖြစ်ပါသည်။

နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနက “ချိတ်ဆက်ထားသောဝန်ဆောင်မှုများ” ဟု ခေါ်ဆိုသော  ဝန်ဆောင်မှု(၄)မျိုးမှာ  သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ၊ စီးပွားရေးနှင့် အတတ်ပညာဆိုင်ရာဝန်ဆောင်မှုများ ဖြစ်ကြပါသည်။ ၎င်းဝန်ဆောင်မှု(၄)မျိုးမှာ လုပ်ငန်းအားလုံး အောင်မြင်ရန်လိုအပ်သော အရာများဖြစ်သည့်  ထိရောက်သော ငွေပေးချေမှုဖြေရှင်းချက်များနှင့် ဆန်းသစ်သော ဘဏ္ဍာရေးပံ့ပိုးကူညီမှု၊ ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ်နှင့် ရုပ်ပိုင်းဆိုင်ရာချိတ်ဆက်မှုနှင့် ခေတ်မီသော စီးပွားရေးဆိုင်ရာကျွမ်းကျင်မှုများကို  အထောက်အကူပြုပေးပါသည်။

ချိတ်ဆက်ထားသော ဝန်ဆောင်မှုများမှာ အထွက်တိုးခြင်း၊ ကုန်သွယ်မှုနှင့် အလုပ်အကိုင်များတိုးမြှင့်ပေးခြင်းဖြင့် စီးပွားရေးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုပါသည်။ လုပ်ငန်းများအားလုံးကို  ပိုမိုယှဉ်ပြိုင်နိုင်စေခြင်းဖြင့်  သွယ်ဝိုက်၍လည်း ပံ့ပိုးကူညီပေးပါသည်။

ထို့အပြင် ချိတ်ဆက်ထားသော ဝန်ဆောင်မှုများသည် အမျိုးသမီးများနှင့် လူငယ်များဦးဆောင်သည့် အသေးစားလုပ်ငန်းများအပါအဝင် အားလုံးပါဝင်နိုင်သော တိုးတက်မှုကို လှုံ့ဆော်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်းများကို ပိုမိုညီမျှစေပါသည်။ ဝန်ဆောင်မှုများကဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုမှာ  နိုင်ငံများ၏စီးပွားရေးကို ပြောင်းလဲရန်နှင့် ရှေ့သို့လျင်မြန်စွာ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်ပါသည်။

သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လုပ်ငန်းငယ်အများစုက အဆိုပါဝန်ဆောင်မှုများကို လွယ်ကူစွာ သို့မဟုတ် အရည်အသွေးမြင့်မားစွာ လက်လှမ်းမီသုံးစွဲနိုင်ခြင်း မရှိကြပေ။

ယခုနှစ်တွင် ထုတ်ပြန်သော ITC ၏ အစီရင်ခံစာဖြစ်သည့် SME Competitiveness Outlook မှာ ချိတ်ဆက်ထားသော ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိစေရန်အတွက်ရည်ရွယ်၍ ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။  ၎င်းအစီရင်ခံစာတွင် ဖော်ပြထားချက်များအရ ယေဘုယျအားဖြင့် ဝန်ဆောင်မှုကို ပြန်လည်ပုံဖော်သည့် ခေတ်ရေစီးကြောင်း (၂) ရပ်ရှိကြောင်း၊ ပထမတစ်ကြောင်းမှာ  ထုတ်လုပ်သမျှတန်ဖိုး၏ ဝေစုတိုးပွားလာရန်အတွက်ဖြစ်ပြီး၊ ဒုတိယတစ်ကြောင်းမှာ ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြု၍ ပံ့ပိုးပေးမှု ပိုမိုများပြားလာခြင်းဖြစ်ပါသည်။

ဤလမ်းကြောင်းနှစ်ရပ်၏ ရှေ့ဆုံးတွင် ချိတ်ဆက်ဝန်ဆောင်မှုများရှိပါသည်။ ဘဏ္ဍာရေး၊ ICT ၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ စီးပွားရေးနှင့် အတတ်ပညာဆိုင်ရာ ဝန်ဆောင်မှုများမှာ လုပ်ငန်းများကို ကုန်ထုတ်လုပ်မှုကွင်းဆက်များအတွင်း ချိတ်ဆက်ပေးပြီး ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကို ပျံ့နှံ့ဖြစ်ပေါ်စေပါသည်။

ချိတ်ဆက်ထားသော ဝန်ဆောင်မှုများတွင်  ကိုယ်ပိုင်တန်ဖိုးများရှိကြပါသည်။ ၎င်းကဏ္ဍများမှ အလုပ်အကိုင်ခန့်ထားမှုများ လျင်မြန်စွာမြင့်တက်လာကာ၊ အထူးသဖြင့် ဝင်ငွေနည်းသည့်နိုင်ငံများတွင် ၂၀၀၇-၂၀၁၉ ခုနှစ်များအတွင်း နှစ်စဉ်အလုပ်အကိုင်ပျမ်းမျှ တိုးတက်မှုနှုန်း ၈% တိုးလာခဲ့ပါသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၄ % နှင့် စိုက်ပျိုးရေးတွင် ၂ % သာရှိခဲ့ပါသည်။  ဝန်ဆောင်မှုကဏ္ဍမှ တင်ပို့မှုများလည်း ပိုမိုလာပြီး၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်လာနိုင်ကြပါသည်။ ၎င်းဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ကြသူများက ဆန်းသစ်တီထွင်မှုများ၌  ၎င်းတို့ဝင်ငွေ၏ အစုအတော်များများကို ပြန်လည်ရင်းနှီးမြှုပ်နှံလာကြပါသည်။  အရည်အသွေးမြင့်ချိတ်ဆက်ထားသော ဝန်ဆောင်မှုများ (သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေးနှင့် ICT ဝန်ဆောင်မှုများ)ကို လက်လှမ်းမီလေ၊ ကဏ္ဍအားလုံးရှိ လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုရှိလေဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနက ပြုလုပ်ခဲ့သော ဆန်းစစ်ချက်များအရ အရည်အသွေးမြင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများကို သုံးစွဲနိုင်သည့် ကုမ္ပဏီများ၏ ၇၈ % တွင် ကောင်းမွန်သော ကုန်စည်သိုလှောင်မှု စီမံခန့်ခွဲရေးရှိကြပြီး၊  အရည်အသွေးမြင့်ဘဏ္ဍာရေး ဝန်ဆောင်မှုများကို သုံးစွဲနိုင်သည့် ကုမ္ပဏီများ၏ ၄၆ % မှာ  ထုတ်ကုန်အသစ်များ သို့မဟုတ် လုပ်ငန်းစဉ်များကို မကြာခဏ ဖန်တီးလေ့ရှိကြပါသည်။ အရည်အသွေးမြင့် ICT  ဝန်ဆောင်မှုများကို သုံးစွဲနိုင်သည့် ကုမ္ပဏီများ၏ ၅၈ % တွင် ဝက်ဘ်ဆိုဒ်တစ်ခုရှိသည်ကို တွေ့ရပါသည်။ 

သုတေသနပြုချက်များအရ ချိတ်ဆက်ထားသော ဝန်ဆောင်မှုများပေးသည့် ကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်စွမ်းအတွက် အဓိကကျသော အချက်(၄)ချက်မှာ မကြာခဏ  ပျောက်ဆုံးနေနိုင်ပြီး၊ ၎င်းအချက်(၄)ချက်မှာ  ကွန်ရက်များကို ကြီးထွားလာစေခြင်း၊ ဆန်းသစ်တီထွင်ခြင်း၊ ကျွမ်းကျင်မှုများ ပိုမိုရှိလာစေခြင်းနှင့် ထုတ်ကုန်များနှင့် စျေးကွက်များကို အမျိုးမျိုးကွဲပြားလာစေရန်အတွက် ငွေကြေးကိုအသုံးပြုခြင်းတို့ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန၏ လေ့လာချက်အနှစ်ချုပ်အရ ချိတ်ဆက်ထားသော ဝန်ဆောင်မှုများနှင့် ယှဉ်ပြိုင်နိုင်သော စီးပွားရေးအစီအမံတို့မှာ ရှေ့တန်းမှ အဓိကကျကြောင်း လေ့လာသိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနသည် အသေးစားကုမ္ပဏီများကို ကူညီပေးရန်နှင့် ချိတ်ဆက်ထားသော ဝန်ဆောင်မှုများကို လက်လှမ်းမီအသုံးပြုနိုင်စေရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းများ၊ စီးပွားရေးပံ့ပိုးပေးသည့် စီးပွားရေးဂေဟစနစ်နှင့် အစိုးရများနှင့် အတူတကွလက်တွဲ၍   အသေးစားလုပ်ငန်းများကို အွန်လိုင်းပေါ်ရောက်ရှိစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုစနစ်အတွင်း ပါဝင်ဆောင်ရွက်နိုင်စေရန် အကူအညီပေးလျက်ရှိပါသည်။

Source: https://intracen.org/news-and-events/news/connected-services-transform-economies

ဖြူဖြူစိုး

ဒု-ဦးစီးမှူး

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages