ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင်လိုက်ပါ ဆောင်ရွက်မှု (၆)

Fri, 08/30/2019 - 07:06 -- ictuser

မြန်မာနိုင်ငံ၏ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက်ကြိုတင် ဆောင်ရွက်ခဲ့သည့် အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲများ

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်  မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အား ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင်စတင်ကာ၂၀၂၀ပြည့်နှစ် အောက်တိုဘာလအတွင်း အပြီးဆောင်ရွက်သွားနိုင်ရန် ရည်မှန်းချက်ထား၍ စတင်ကြိုးပမ်းပြင်ဆင်လျက်ရှိပါသည်။ယင်းလုပ်ငန်းစဉ်အား အပြည့်အဝအောင်မြင်မှုရရှိနိုင်ရေး အတွက် ဆက်စပ်အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများမှာ အဓိကကျပါသည်။ ယင်းအတွက် ဆက်စပ်အစိုးရဌာနများမှတာဝန်ရှိသူများအပြင် ပုဂ္ဂလိကလုပ် ငန်းရှင်များနှင့် အများပြည်သူများမှ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၈ ခုနှစ်၊  အောက်တိုဘာလ (၁၆) ရက်နေ့ နှင့် (၁၇) ရက်နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းအစည်းအဝေး ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများမှ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့်အပြောင်းအလဲများ၊ မူဝါဒများ ၊ ရှေ့ဆက် ဆောင်ရွက်သွားရမည့်အစီအစဉ်များသိရှိရန်နှင့် လိုအပ်သည်များကို အသိပညာဖြန့်ဝေ ပေးနိုင်ရေးအတွက် ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများ နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သော ဝန်ကြီးဌာန (၁၂) ဌာနအောက်ရှိ ဦးစီးဌာန (၂၇) ဌာနမှ ကိုယ်စားလှယ်စုစုပေါင်း(၅၅) ဦး၊ UMFCCI မှ ကိုယ်စားလှယ် (၃) ဦးနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာအခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကုန်သွယ်မှုမူဝါဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် ၂၀၁၉ ခုနှစ်၊  ဧပြီလ(၉) ရက်နေ့နှင့် (၁၀) ရက်နေ့တွင် နေပြည်တော်၌ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆိုင်ရာ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပထမအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းတွင်ပါဝင်သည့် အကြံပြုချက်ပါ ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်  ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ကျင်းပပြုလုပ်ရန် လျာထားသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် အပြောင်းအလဲများ၊ မူဝါဒများ၊ ရှေ့ဆက်ဆောင်ရွက်သွားရမည့် အစီအစဉ်များအား သိရှိရန်နှင့် လိုအပ်သည်များကို အသိပညာဖြန့်ဝေပေးနိုင်ရေးအတွက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် အောက်ဖော်ပြပါလုပ်ငန်းစဉ် (၆) ရပ်ကို ညှိနှိုင်းအကြံပြုခဲ့ကြပါသည်-
   (က)  ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အထောက်အပံ့အကူအညီများပိုမိုရရှိ အသုံးပြုသွားနိုင်ရေး  ညှိနှိုင်းဆောင်ရွက်သွားရန်၊
   (ခ)    မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အား ပြင်ဆင်ဆောင် ရွက်ရာတွင် တာဝန်ယူဆောင်ရွက်မည့်ဝန်ထမ်းများ နှင့် သက်ဆိုင်ရာ ပါဝင်ပတ် သက်သူများ၏ စွမ်းရည်မြှင့်တင်နိုင်မည့်အစီအစဉ်များကိုလည်း ထည့်သွင်းဆောင် ရွက်ရန်၊
   ( ဂ)   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အပြင် ဆက်စပ်နိုင်ငံတကာအဖွဲ့အစည်းများမှ နည်းပညာ ဆိုင်ရာ အထောက်အပံ့များကိုလည်း လိုအပ်သလို ရယူဆောင်ရွက်သွားနိုင်ရေး ၎င်းတို့နှင့်ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန်၊
   ( ဃ)  ဆက်စပ်အစိုးရဌာနများနှင့် အဆင့်တိုင်းတွင် ချိတ်ဆက်ပြီး အနီးကပ်ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အကြံပြုချက်များရယူဆောင်ရွက်ရန်၊
   ( င)   လုပ်ငန်းစဉ်စတင်ဆောင်ရွက်စဉ်ကပင် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်အဖွဲ့အစည်းများ၊ အခြားသောပါဝင်ပတ်သက်သူများနှင့် ပိုမိုကျယ်ပြန့် စွာဆွေးနွေးပြီး အကြံပြုချက်များရယူ၍ ပူးပေါင်းဆောင်ရွက်သွားရန်။

 

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် ဆောင်ရွက်ဆဲ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အသိပညာပေးလုပ်ငန်းများ

 

လက်ရှိအချိန်တွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အသိပညာပေးသည့် ဆွေးနွေးပွဲများကို သက်ဆိုင်ရာအထူးပြုနယ်ပယ်အလိုက် အချိန်ဇယား သတ်မှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်ချက်များနှင့်အညီ အသိပညာပေးလုပ်ငန်းများအား စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် WTO ဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများက အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
အသိပညာပေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယခုလ(၁၅)ရက်နေ့တွင် နေပြည်တော်၌မြန်မာနိုင်ငံ၏ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းအတွက် ကြိုတင်ပြင် ဆင်မှုများဆောင်ရွက်နိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ ကျင်းပပြု လုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကုန်သွယ်မှုနှင့်ဆက်စပ်လျက်ရှိသည့်ဌာနများနှင့် ပုဂ္ဂလိကအဖွဲ့ အစည်းများအား ကုန်စည်ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာကုန်သွယ်မှုဟူ၍ အပိုင်း(၂)ပိုင်းခွဲကာ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲနံနက်ပိုင်းတွင် ကုန်စည်ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိသည့် ဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း (၄၀) ဦးခန့် ပါဝင်တက် ရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိသည့် ဌာနများ နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှကိုယ်စားလှယ် စုစုပေါင်း(၄၀) ဦးခန့် ပါဝင် တက်ရောက်ခဲ့ ပါသည်။ ယင်းဆွေးနွေးပွဲ၌ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးညီညီအောင်မှ ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ အပိုင်း (၅) ပိုင်းအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှလည်း အကြံပြုဆွေးနွေးခဲ့ကြပါသည်-
    (က)    ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်အကြောင်း သိကောင်းစရာများအား ဆွေးနွေးခြင်း
    ( ခ )    ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းတွင် ပါဝင်သည့်အခန်းကဏ္ဍဍများအား မိတ်ဆက် ရှင်းလင်းဆွေးနွေးခြင်း
    ( ဂ )    ကုန်စည်ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာကုန်သွယ်မှုအတွက် ကောက်ခံသွား မည့်အချက်အလက်များအားရှင်းလင်းဆွေးနွေးခြင်း
    (ဃ)  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၆)လ တစ်ကြိမ်ထုတ်ပြန်သည့် Mid-Term Report ပါ အချက်အလက်များနှင့် ချိန်ညှိရန်လိုအပ်မှုအား ရှင်းလင်းပြောကြားခြင်း
   ( င ) ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအထိ တစ်နှစ်အတွင်း ဆောင်ရွက်မည့် အချိန်ဇယားကိုအခြေခံ၍ ရှင်းလင်းဆွေးနွေးခြင်း
    အခြားတစ်ဖက်မှလည်း အသိပညာပေးလုပ်ငန်းအဖြစ် နိုင်ငံပိုင်သတင်းစာများတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဆောင်းပါးများ ရေးသားဖော်ပြခြင်းနှင့် ဌာနမှထုတ်ဝေသော Commerce ဂျာနယ်တွင် အခန်းဆက် သတင်းဆောင်းပါးများရေးသားခြင်းတို့ကို ပြုလုပ်လျက်ရှိပါသည်။ ထို့အပြင် ကုန်သွယ်မှုမူဝါဒဆန်း စစ်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ လမ်းကမ်းစာစောင်များနှင့် စာအုပ်များရေးသားထုတ်ပြန် နိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။
    အထက်ဖော်ပြပါလုပ်ငန်းများအပြင် မြန်မာနိုင်ငံ၏ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ တူညီသည့်လုပ်ငန်းစဉ်များအလိုက် ကုန်သွယ်မှုနှင့်ဆက်စပ်လျက်ရှိသည့်ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအား Sub-Groupများဖွဲ့စည်း၍ လစဉ် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ကာ လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်သွားရန် စီမံချက်ရေး ဆွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။
    ယင်းကဲ့သို့ အသိပညာပေးလုပ်ငန်းစဉ်များအား သတ်မှတ်အချိန်ဇယားရေးဆွဲကာ စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းအားဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း အပြီးဆောင်ရွက်သွားမည့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်မှာ ရည်မှန်းချက်အတိုင်း အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟု ထပ်လောင်းယုံကြည်မိပါသည်။
    

 

 

 

 

International Trade News

Pages