ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို ကမ္ဘောဒီးယား၊ လာအို နှင့် မောရစ်ရှပ်စ် နိုင်ငံများက သဘောတူလက်ခံခဲ့ခြင်း

Tue, 05/21/2024 - 04:35 -- wtodep

ကမ္ဘောဒီးယား၊ လာအိုနှင့် မောရစ်ရှပ်နိုင်ငံတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို လက်ခံခဲ့ကြောင်း အကြောင်းကြားစာများအား ၂၀၂၄ခုနှစ်၊ မေလအတွင်း ပေးအပ်ခဲ့ကြပါသည်။

ကမ္ဘောဒီးယား

ကမ္ဘောဒီးယား၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ချမ်နီမူက ကမ္ဘောဒီးယား၏ လက်ခံကြောင်း အကြောင်းကြားစာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် အန်ဂျယ်လာ အယ်လာဒ့်ထံ မေလ ၆ ရက်နေ့က ပေးအပ်ခဲ့ရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဝမ်းမြောက်စွာ လက်ခံခဲ့ပြီး ယခုသဘောတူညီချက်မှာ ကမ္ဘောဒီးယားနိုင်ငံ၏ စားသောက်ကုန်ဖူလုံရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ငါးလုပ်ငန်းကဏ္ဍအပေါ် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ တစ်နိုင်ငံအနေဖြင့် ကမ္ဘာ့သမုဒ္ဒရာများ ရေရှည်ထိန်းသိမ်းရေး နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုတွင် ပါဝင်လာခြင်းကို အလေးအနက်ထားကြောင်း ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယား၊ စီးပွား/ကူးသန်းဝန်ကြီး ချမ်နီမူက ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံစုံကုန်သွယ်မှုစနစ်ကို  လေးနက်စွာ ယုံကြည်ကြောင်းနှင့် တရားမဝင်၊ စာရင်းမှတ်ထားခြင်းမရှိ၊ ဥပဒေအရထိန်းကြောင်းခြင်း မရှိသည့် ငါးဖမ်းခြင်း များကို အထောက်အပံ့ပေးနေမှုများအား ထိန်းကြောင်းမည့်ကိစ္စတွင် မပြောင်းလဲ သောကတိကဝတ်၊ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုတို့ဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင်- ၂၀၃၀ ရရှိရေး ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယား နိုင်ငံသည် ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို လက်ခံခဲ့သည့် (၇၃) နိုင်ငံမြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံဖြစ်ပါသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ လာအို အမြဲတမ်းကိုယ်စားလှယ်၊ လတ်ဆာမီကိုမန်နီ က ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်အပေါ် လက်ခံကြောင်း အကြောင်းကြားစာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် နာကိုဇီအိုကွန်ဂျိုအေဝါးလား ထံ မေလ ၁၃ ရက်နေ့က ပေးအပ်ခဲ့ရာတွင် ညွှန်ကြားရေးမှူးချုပ်က ဝမ်းမြောက်စွာ လက်ခံခဲ့ပြီး ကမ်းရိုးတမ်းမရှိသော ကုန်းတွင်းပိတ်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတစ်ခုဖြစ်သည့် လာအိုအနေဖြင့် အလွန်အရေးကြီးသော ငါးသယံဇာတများ ရေရှည်ထိန်းသိမ်းရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ရရေး ပါဝင်ထောက်ခံမှုကို အသိအမှတ်ပြုခဲ့ပါသည်။

လာအိုအမြဲတမ်းကိုယ်စားလှယ်က ငါးအလွန်အကျွံဖမ်းဆီးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ပျက်ဆီးခြင်းတို့ဖြစ်စေနိုင်သည့် အထောက်အပံ့ပေးမှုများ တားမြစ်ရာတွင် လာအိုနိုင်ငံ၏ လိုလားစွာ ပါဝင်မှုကို ယခုမှတ်တိုင်မှ ပြသခဲ့ပါကြောင်း၊ လာအိုသည် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော်လည်း တာဝန်သိသော ငါးဖမ်းမှုဖြစ်စေရေးနှင့်ကမ္ဘာ့အဏ္ဍဝါရင်းမြစ်များထိန်းသိမ်းရေး ခြေလှမ်းများတွင် တက်ကြွစွာပါဝင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လာအိုနိုင်ငံသည် ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို လက်ခံခဲ့သည့် (၇၄) နိုင်ငံမြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံဖြစ်ပါသည်။ အာရှပစိတ်ဖိတ်ဒေသတွင်းနိုင်ငံများအနက် ငါးလုပ်ငန်းအထောက် အပံ့ဆိုင်ရာ သဘောတူညီချက်ကို လက်ခံသည့်နိုင်ငံပေါင်း ၁၄ နိုင်ငံရှိပြီး ကမ္ဘောဒီးယားနှင့် လာအို ၂ နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများဖြစ်ပါသည်။

မောရစ်ရှပ်စ်

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မောရစ်ရှပ်စ် အမြဲတမ်းကိုယ်စားလှယ်၊ အူရှား ချန်ဒနီ ဒွာကာ ကန်နာ ဘေဒီ က ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို လက်ခံကြောင်း အကြောင်းကြား စာအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် နာကိုဇီအိုကွန်ဂျိုအေဝါးလားထံ မေလ ၁၃ ရက်နေ့က ပေးအပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ကဝမ်းမြောက်စွာ လက်ခံခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေး စနစ်နှင့် ကမ္ဘာ့ငါးသယံဇာတ ရေရှည်ထိန်းသိမ်းရေး ကမ္ဘာနှင့်အဝှမ်းအားထုတ်မှုများတွင် မောရစ်ရှပ် ၏ ပါဝင်မှုကို အသိအမှတ်ပြုကြောင်း၊ ငါးလုပ်ငန်းကဏ္ဍသည် ရှေးယခင်ကတည်းက မောရစ်ရှပ်စ်၏ အလုပ်အကိုင်နှင့် ပို့ကုန်အတွက် အရေးပါခဲ့ကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မောရစ်ရှပ်စ်၏ အနာဂတ်မျိုးဆက်များအတွက် အကျိုးအမြတ်များကို ခွဲဝေပေးခြင်းလည်း ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

မောရစ်ရှပ်စ် အမြဲတမ်းကိုယ်စားလှယ်၊ အူရှား ချန်ဒနီ ဒွာကာ ကန်နာ ဘေဒီ က ယခုနှစ်အတွင်း ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက် အမြန်ဆုံးအကောင်အထည်ဖော်ရေး မျှော်လင့် ပါကြောင်း၊ ကမ္ဘာ့ငါးသယံဇာတ ရေရှည်ထိန်းသိမ်းရေးအတွက် တရားမဝင်၊ စာရင်းမှတ် ထား ခြင်း မရှိ၊ ဥပဒေအရထိန်းကြောင်းခြင်း မရှိသည့် ငါးဖမ်းခြင်းများကို ကမ္ဘာ့နှင့်အဝှမ်း တိုက်ဖျက်နေမှုသည် ရာသီဥတုထိန်းသိမ်းရေး၊ ဂေဟစနစ် ကောင်းမွန်ရေး၊ စားသောက်ကုန်ဖူလုံရေး တို့အတွက်လည်း အရေးပါသောကြောင့် ဖွံ့ဖြိုးဆဲကျွန်းနိုင်ငံတစ်ခုဖြစ်သော မောရစ်ရှပ်စ်အနေဖြင့် ပါဝင်သွားမည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။ မောရစ်ရှပ်စ်သည် ငါးလုပ်ငန်း အထောက်အပံ့ဆိုင်ရာ သဘောတူညီချက် ကို လက်ခံခဲ့သည့် (၇၅) နိုင်ငံမြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံဖြစ်ပါသည်။ ငါးလုပ်ငန်း အထောက်အပံ့ဆိုင်ရာ သဘောတူညီချက် ကို လက်ခံသည့် အာဖရိကနိုင်ငံပေါင်း ၁၃ နိုင်ငံရှိပြီ ဖြစ်ပါ သည်။ သဘောတူညီချက်စတင်ကျင့်သုံးရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံအားလုံး၏ သုံးပုံနှစ်ပုံမှ ပါဝင်ရန်လိုအပ်ရာ နောက်ထပ်နိုင်ငံပေါင်း ၃၅ နိုင်ငံမှ လက်ခံရန် လိုအပ်နေပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ (MC12) တွင် တူညီဆန္ဒဖြင့် သဘောတူညီခဲ့သည့် ငါးလုပ်ငန်း ထောက်အပံ့ကူညီမှုဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာတဝှမ်း ငါးလျော့နည်းလာစေသည့် အထောက်အပံ့များ မပေးရေးအတွက် ကဏ္ဍစုံစည်းမျဉ်းသစ်များ ပါဝင်ပါသည်။ ထို့အပြင် အဆိုပါသဘော တူညီချက်ဆိုင်ရာ တာဝန်များကို လိုက်ပါအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ၏ လိုအပ်ချက် များကို အသိအမှတ်ပြု၍ နည်းပညာဆိုင်ရာအကူအညီ ထောက်ပံ့ပေးရန်နှင့် စွမ်းဆောင် ရည်မြှင့်တင်ရန် ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါသဘောတူညီချက်တွင် တရားမဝင်၊ စာရင်းမှတ်ထားခြင်းမရှိ၊ ဥပဒေအရထိန်းကြောင်းခြင်းမရှိသည့် ငါးဖမ်းခြင်းများ (illegal, unreported and unregulated - IUU)အတွက် အထောက်အပံ့များကို တားမြစ်ခြင်း၊ ငါးလျော့နည်းလာစေသည့် အလွန်အကျွံငါးဖမ်းမှုကို တားမြစ်ခြင်းနှင့် ကမ်းဝေးပင်လယ်ပြင်တွင် စည်းကမ်းလိုက်နာမှုမရှိသော ငါးဖမ်းခြင်းအတွက် အထောက်အပံ့များကို အဆုံးသတ်စေခြင်းတို့ပါဝင်သည်။

အဖွဲ့ဝင်နိုင်ငံများမှ လက်ရှိသဘောတူညီချက်အပေါ် ထပ်မံပြင်ဆင်ပြဋ္ဌာန်းလိုသည့် အချက်များရရှိနိုင်ရေး ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်နှင့် (၁၃) ကြိမ်မြောက် ဝန်ကြီးများအဆင့် ညီလာခံ (MC13)တွင် တင်ပြရန် MC 12 ၌ သဘောတူညီခဲ့ပါသည်။

Source: www.wto.org

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages