အရည်အသွေးမြင့် မြန်မာ့ဆန်များ တင်ပို့နိုင်ရေးအတွက် ဆန်စပါး ရူပအရည်အသွေးဆိုင်ရာ လေ့လာ သုံးသပ်ချက်များ

Thu, 01/16/2020 - 07:38 -- admin_ygn

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနအောက်တွင် မြန်မာ့ စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးကဏ္ဍနှင့်ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်မှုများ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုန် ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး  စီမံခန့်ခွဲရေး ဌာနစုဟူ၍  ရှိပါသည်။ ယခင်မြန်မာ့လယ်ယာထွက်ကုန်  ရောင်းဝယ်ရေးကော်ပိုရေးရှင်း လက်ထက်တွင်  ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချဌာန (Post-Harvest Technology Application Center-PTAC)  အဖြစ် မြန်မာ့ဆန်စပါး  အရည်အသွေးကဏ္ဍအတွက် အလွန်အရေးပါသော ရိတ်သိမ်းချိန်လွန် ကိုင်တွယ် ထိန်းသိမ်းခြင်းအတွက် သုတေသနနှင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ စပါးသီးနှံသည် အခြားသောသီးနှံများနှင့်မတူညီဘဲ သဘောသဘာဝ ကွဲပြားမှုရှိပါသည်။ ဆန်သည်  မြန်မာ လူမျိုးတို့အတွက် အခြေခံစားသုံးသီးနှံဖြစ်သည့်အားလျော်စွာ   နေ့စဉ်နှင့်အမျှ ဈေးကွက် လိုအပ်ချက် ရှိနေ ပေသည်။  ဆန်သည် စပါးသီးနှံကို ကြိတ်ခွဲသန့်စင်ပြီးမှ ရရှိနိုင်ပြီး တစ်နှစ်ပတ်လုံးဖြစ် ပေါ်နေသည့် ဆန်ဈေးကွက်အတွက် ကြိတ်ခွဲပြီးဆန်ကို နှစ်ပေါက်သိုလှောင်ရန်  မဖြစ်နိုင်ပေ။ ထို့ကြောင့်   တစ်နှစ် ပတ်လုံးဖူလုံရန်အတွက် စပါးကိုသာ နှစ် ပေါက်သိုလှောင်ပြီး  လိုသလိုကြိတ်ခွဲလေ့ရှိသည်။  အကျိုး အကျေ နည်းပြီး ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးကောင်းမွန်မှုသည် ဆန်အရောင်းအဝယ်ပြုလုပ်ရာတွင် ဈေးကွက် ဝင်ဆံ့နိုင်ပြီး  ဈေးကောင်းလည်း ရရှိနိုင်သည်။ အရည်အသွေးကောင်းမွန်သော ဆန်ရရှိရန် မျိုးကောင်း မျိုးသန့်စပါး ရရှိရန်လိုအပ်သလို ရိတ်သိမ်းပြီးချိန်တွင် အရည်အသွေးဆုံးရှုံးမှုမဖြစ်ရန် စနစ် တကျ ကိုင်တွယ်ထိန်းသိမ်းရန် လိုအပ်ပါသည်။ အဖျင်းအမှော်ပါဝင်မှု၊    ဖုန်၊ သဲ၊ ခဲ မသန့်စင်မှု၊ အဆစ်ကျိုး စပါး ပါဝင်မှု စသည်တို့သည် ကြိတ်ခွဲမှု အရည်အသွေးကို ကျဆင်းစေနိုင်ပြီး ဆန်သားအထွက်နည်းစေနိုင် ပါသည်။ ထို့ပြင် ဆန်ကြိတ်ထွက်နှုန်း   ကောင်းမွန်ရန် ကြိတ်ခွဲမည့်စပါး၏ အစိုဓာတ်ပမာဏကို တိတိ ကျကျ မှန်မှန်ကန်ကန် သိရှိနိုင်ရန်လိုအပ်ပါသည်။ CTQM  တွင် မြန်မာနိုင်ငံဒေသအသီးသီးရှိ စပါးများ၏ ရူပအရည် အသွေးကို နှစ်စဉ်စမ်းသပ်စစ် ဆေးလျက်ရှိသည်။ အထူးသဖြင့် ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ စပါး နမူနာများ ကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ စားသုံးသူရေးရာ  ဦးစီးဌာန ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရယူ၍ စမ်းသပ်စစ်ဆေးခဲ့သည်။ စမ်းသပ်စစ်ဆေးခဲ့သော စပါးအမျိုးအစားများမှာ ရွှေဝါထွန်း၊ ရွှေသွယ် ရင်၊ မှော်ဘီ(၂)၊ ဧရာမင်း၊ သီးထပ်ရင်၊ ဆင်း ဧကရီ၊ ဆင်းသုခ၊ နှံကား၊ မနောသုခ၊ ရတနာတိုး၊ ရွှေမန်း၊ ရာကျော်၊ ဗျော့ထွန်း၊ ဧည့်မထ (ကောင်း)၊ ဧည့်မထ(အခြား)၊ ဆင်းသွယ်လတ်၊ ငကျွဲ၊ ရွှေဘိုပေါ် ဆန်း၊ ပေါ်ဆန်းယဉ်၊ ပေါ်ဆန်းကြီး၊ မြီးဒုံး၊ ငစိန် စသည့် အမျိုးအစားများဖြစ်ပြီး နမူနာအရေအတွက် ၅၅ မျိုးရှိသည်။ ၂၀၁၈-၁၉ ခုနှစ်ထွက် စပါးနမူနာများ၏ စမ်းသပ်စစ်ဆေးချက်များအနက် သိမှတ်ဖွယ် ရာများကို ထုတ်နုတ်ဖော်ပြလိုပါသည်။

     မြန်မာ့စပါးအမျိုးအစားများအနက် ဧည့်မထအုပ်စုဝင်စပါးများသည် ထိုင်း၊ အိန္ဒိယစပါးမျိုးများ နှင့်နှိုင်းယှဉ်ပါက အကြိတ်အဖွတ်ခံနိုင်မှု နည်းပါးပါသည်။  ထို့ပြင် အဆစ်ကျိုးစပါး ပါဝင်မှုကြောင့် ဆန်ကွဲပိုမိုထွက်ရှိ နိုင်ပြီး ဆန်သားရရှိမှု ပိုမိုလျော့ ကျလေ့ရှိပါသည်။ အဆစ်ကျိုးစပါးဖြစ်ပေါ်ရသည့်  အဓိက အကြောင်း အရင်းမှာ စပါးအတွင်းရှိအစိုဓာတ်ပမာဏ  ပြောင်းလဲမှုကြောင့်ဖြစ်ပါသည်။ ခြောက်သွေ့ပြီးသော စပါးကို သိုလှောင်ရာတွင် ရာသီဥတုကြောင့်သော်လည်းကောင်း၊ စနစ်မကျသော  ကိုင်တွယ် ထိန်းသိမ်းမှုကြောင့် သော်လည်း၊  ခြောက်သွေ့ပြီးသော စပါးကို အကြောင်းတစ်မျိုးမျိုးကြောင့် ပြန်လည် စိုစွတ်စေခြင်းကြောင့် သော်လည်းကောင်း၊ အစိုဓာတ်မညီသော  စပါးများကို ရောနှောခြင်းကြောင့်သော်    လည်းကောင်း အဆစ် ကျိုးစပါးများ ဖြစ်ပေါ်စေနိုင်ပါသည်။ ရိတ်သိမ်းခြွေလှေ့စက်မသုံးဘဲ လူအားဖြင့် ရိတြွေ်ခသောစပါးများကို ရိတ်သိမ်းပြီးသည်နှင့် တစ် ပြိုင်နက် ကောက်လှိုင်းများကို ကန်သင်းရိုးတွင်မစုပုံထားဘဲ ြွေခလှေ့သင့်ပါသည်။ ကောက်လှိုင်းများက ကန်သင်း ရိုးတွင်စုပုံထားပါက အဆစ်ကျိုးစပါးပမာဏ မြင့်တက်လာနိုင်ပါသည်။ စပါးြွေခလှေ့ခြင်းမပြုမီ ကန်သင်းရိုးတွင် စုပုံထားလျှင် ညပိုင်းအချိန်အတွင်း အမိုးအကာဖြင့် ဖုံးအုပ်ထားရန်လိုအပ်ပါသည်။ မြန်မာ့စပါးများသည်  အစိုဓာတ်အပြောင်း အလဲပေါ်တွင် ခံနိုင်ရည်နည်းပါးပါသည်။ ထို့ပြင် မြန်မာ့ရေ မြေရာသီဥတုသည် လည်း ပူနွေးစိုစွတ်သော အနေအထားရှိသဖြင့် အဆစ်ကျိုးစပါး ပါဝင်မှုကို ထိန်းချုပ် ရန် အခက်အခဲများစွာ ရှိပါသည်။  ထို့ကြောင့် အခြေခံစပါးဈေးနှုန်း သတ် မှတ်ခြင်းနှင့် စပါးဝယ်ယူမှု စည်းမျဉ်းများအတွက် အဆစ် ကျိုးစပါးပါဝင်မှု   ကန့်သတ်ချက်ကို အနည်းငယ် ဖြေလျှော့ပေးရန်လိုအပ်ပြီး ပြည်တွင်း၊ ပြည်ပမှ နည်းပညာအကူအညီ များဖြင့် အဆစ်ကျိုးစပါးကဏ္ဍအတွက် အဖြေရှာဆောင်ရွက်သင့် ပါသည်။ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း  ရောင်းဝယ်ရေးခေတ်ကာလတွင် ထိုအချက်များကြောင့် စပါး ဝယ်ယူရာတွင် အဆစ်ကျိုးစပါးပါဝင်မှုကို  ကန့်သတ်မထားဘဲ ဆန်၏စက်ကြိတ်ထွက်နှုန်း အရဖြင့်သာ သတ်မှတ်ဝယ်ယူပါသည်။ (ဥပမာ စပါးတင်း ၁၀ဝ ကြိတ်ခွဲလျှင် ဆန်သား ၃၆တင်းထွက်ရှိရန် စံသတ်မှတ် ထားပြီး ၃၆ တင်းအောက် လျော့နည်းထွက်ရှိသော စပါးများကို စပါးအမျိုးအစားကိုလိုက်၍ ၂ ဒသမ ၅ တင်းနှင့်ညီမျှသော ငွေကို ခုနှိမ်ဖြတ်တောက်မှုပြုလုပ်ပါသည်။) CTQM တွင် စမ်းသပ်သော စပါးနမူနာ ၅၅မျိုးအနက် အဆစ်ကျိုးစပါး ၂၅ ရာခိုင်နှုန်းအထက်ပါဝင်သော စပါး ၁၀ မျိုးတွေ့ရှိရသည်။ ဆန်သားထွက်နှုန်းအနေဖြင့်လည်း    ကွဲပြားခြားနားမှုများရှိသည်။ စုစုပေါင်း ဆန်သားထွက်နှုန်း (Total Rice) သည် စပါးအမျိုးအစားကိုလိုက်၍  ၆၅ ရာခိုင်နှုန်းမှ   ၇၀ ရာခိုင်နှုန်းအကြား  ရှိတတ်ပါသည်။ စုစုပေါင်းဆန်သားထွက်နှုန်းဆိုသည်မှာ လုံးပြည့်ဆန်သား  (Whole Kernel)  များ  အပါအဝင်၊ ဆန်သား  (Head Rice) ၊ ဆန်ကွဲ (Brokens)၊ ဆန်ကွဲသေး (Points) စသည့်အရာအားလုံးကို ဆိုလိုခြင်းဖြစ်ပါသည်။ စမ်းသပ်ခဲ့သော  စပါးနမူနာများတွင် ဆန်သား  (Head Rice) ရရှိမှု ၃၀ရာခိုင်နှုန်းနှင့်အောက်ရရှိသော နမူနာ ခြောက်မျိုးနှင့်  ၆၀ ရာခိုင်နှုန်းနှင့်အထက်   ရရှိသော နမူနာရှစ်မျိုးကိုအောက် ပါ အတိုင်း တွေ့ရှိရ သည်။ စပါးအမျိုးအစားများတူသော်လည်း စိုက်ပျိုးရာဒေသ၏ ရေမြေသဘာဝနှင့် ကိုင်တွယ်ထိန်းသိမ်း မှုတို့အပေါ်မူတည်၍ ဆန်သားထွက်နှုန်း ကွဲပြားမှုများလည်းရှိပါသည်။ ဥပမာအားဖြင့် ပဲခူးမြို့မှထွက် ရှိသော   မနောသုခစပါးသည် ဆန်သား ပြန်လည်ရရှိမှု၌ ၂၇ ရာခိုင်နှုန်းခန့်သာရှိသော်လည်း တိုက်ကြီးမြို့ မှထွက်သော မနောသုခစပါးသည် ဆန်သား ၆၅ ဒသမ ၆၇ ရာခိုင် နှုန်းအထိရရှိသည်။  ထို့ကြောင့် မြန်မာ့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင်  အထွက်နှုန်းကောင်း စပါးစိုက်ပျိုးနိုင်ရန်သာမကဘဲ ဆန်ကြိတ် ထွက်နှုန်းကောင်းမွန်စေရန်  ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းနည်း  အလေ့အထကောင်းများဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်သင့်ပါသည်။

      စမ်းသပ်စစ်ဆေးချက်များအရ ဧည့်မထအုပ်စုဝင် မြန်မာ့စပါး မျိုးများ၏ ဆန်သားအလျားကို တိုင်းတာ စစ်ဆေးရာတွင်အောက်ပါ အတိုင်းတွေ့ရှိရပေသည်။   မနောသုခ၊ ဆင်းသု၊ ဧရာမင်း၊ နှံကား စသည့် စပါးမျိုးများသည် ဆန်သားအလျား ၆ မီလီမီတာဝန်းကျင်တွင် တွေ့ရှိရပြီး မှော်ဘီ (၂)၊ ရွှေသွယ်ရင်၊ ဆင်းသွယ်လတ်တို့သည် အလျား ၇ မီလီမီတာအထက်တွင်ရှိပြီး ဆင်းဧကရီ၊ ဗျော့ထွန်း၊ ရတနာတိုး စသည်တို့သည် အလျား ၆ ဒသမ ၆ မီလီမီတာအထက်တွင်ရှိပါသည်။ စပါးမျိုးကွဲအ လိုက် ပျမ်းမျှ ဆန်သား အလျား၊ အနံနှင့် အလျား၊ အနံ၊ အချိုး နှိုင်းယှဉ်ချက်များကို တစ်ဖက်ပါပုံတွင်  လေ့လာနိုင်ပါသည်။ မြန်မာ့ဆန်မျိုးကွဲများသည် အလျား၊အနံ ပမာဏမတူညီဘဲ ကွဲပြားခြားနားမှုများစွာရှိပါသည်။ ထို့ကြောင့် မြန်မာ့ဆန် စံချိန် စံညွှန်းတွင် ဆန်အရွယ်အစားနှင့်ပတ်သက်၍ လုံးပု၊ လုံးလတ်၊ လုံးရှည် စသည်ဖြင့် သတ်မှတ်ပုံကို နိုင်ငံတကာမှ သတ်မှတ်နည်း စနစ်များနှင့်ပါ လိုက်လျောညီထွေမှုရှိစေရန် နည်းလမ်း သုံးမျိုးဖြင့် ရွေးချယ်ခွင့် ပေးထားပါသည်။ လုံးရှည်သတ်မှတ်ရာတွင် အချို့သော ဆန် အမျိုးအစားများ သည် အလျား ၆ ဒသမ ၆ မီလီမီတာ ထက်ပိုသော်လည်း အချို့သော ဆန်အမျိုးအစားများသည် အလျားတိုလေ့ရှိပါသည်။ သို့ရာတွင် အနံတိုသော ဆန်သားများအနေဖြင့် အလျားသတ်မှတ်ချက်နှင့် အတူ  အလျား အနံ အချိုး သတ်မှတ်ချက်ပါ ပေါင်း စပ်၍ လုံးရှည် (သို့မဟုတ်)လုံးလတ်အတန်းအစား အဖြစ် ပြည့်မီနိုင်ပါသည်။  ဥရောပသမဂ္ဂမှ ဆန်သားများ၏ အရွယ်အစား အဆင့်အတန်းကို  အထက်ဖော်ပြပါအတိုင်း သတ်မှတ်ထားကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာဆန်စပါးကဏ္ဍသည်  မြန်မာ့သမိုင်းတစ်လျောက် လူတန်းစားအလွှာပေါင်းစုံ  ပါဝင်ပတ်သတ်နေသော ကဏ္ဍတစ်ရပ် ဖြစ်ပေရာ  ဆန်စပါးအရည်အသွေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အမျိုးသား ရေးတာဝန်တစ်ရပ်ကဲ့သို့  အလေးထားဆောင် ရွက်သင့်ပေသည်။ ယခုအခါတွင် တိုးတက်များပြားလာ သော ကမ္ဘာ့လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံရေး  ပြဿနာသည် ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိသည်။ ထို့အတူ အကန့်အသတ်ရှိသော ကမ္ဘာ့ စိုက်ပျိုးမြေဧရိ ယာကြောင့် စိုက်ပျိုးရေးနည်းလမ်းသစ်များကို ကမ္ဘာ့ နိုင်ငံအများအပြားတွင် သုတေသနဆန်းစစ်မှုများဖြင့် ဖော်ထုတ်လေ့ လာနေကြပေသည်။ အစ္စရေးနှင့်  ဂျပန်နိုင်ငံများတွင် ရာသီဥတု အတု၊ မြေအစားထိုး  စိုက်ပျိုးနည်းစနစ်များ၊ အထွက်နှုန်းတိုးတက် စေသည့် နည်းလမ်းသစ်များ စသည်တို့ကို နေ့စဉ်နှင့်အမျှ သုတေသန လုပ်ငန်းများ ဆောင်ရွက်နေကြပြီဖြစ် သည်။ စိုက်ပျိုးမြေ  အကန့်အသတ်ရှိသော်လည်း တိုးတက်များပြားလာသော လူဦးရေပမာဏအတွက် စားနပ် ရိက္ခာဖူလုံစေရန် အထွက်နှုန်းမြင့်မားသော စပါးမျိုးကောင်းမျိုးသန့်များကို  စိုက်ပျိုးထုတ်လုပ် နိုင်ရန် လိုအပ်ပါသည်။ ထို့အတူအရည်အသွေးကောင်းမွန်သော ထွက်ကုန်၊ ထုတ်ကုန်များကို စားသောက် သုံးစွဲ ခွင့်ရရန် အလွန်အရေးကြီးပါသည်။ အထွက်ကောင်းသော စပါး၏ ဆန်အရည်အသွေးကောင်းများ ကို ထိန်းသိမ်းနိုင်ရန်  ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းခြင်း အလေ့အကျင့်ကောင်းများကို ခေတ်မီ နည်းစနစ်များဖြင့် ဆောင်ရွက်သင့်ပေသည်။ သို့မှသာတိုးတက်ကောင်းမွန်သော မြန်မာ ဆန်စပါးရွှေရောင် ခေတ်ဆီသို့ ပြန်လည်ဦးမော့တက်လှမ်းနိုင်မည် ဖြစ်ကြောင်း ဖော်ပြလိုက်ရပေသည်။

 

အောင်ကျော်မိုး (CTQM)

Local Trade News

Pages