ASEAN Trade Fair 2017 ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပ

Tue, 10/31/2017 - 04:03 -- admin_ygn

         အာဆီယံ-ကိုရီးယားစင်တာ၏အစီအစဉ်ဖြင့် ASEAN Trade Fair 2017 ကို အောက်တိုဘာလ ၂၅ ရက်မှ ၂၈ ရက်အထိ ဆိုးလ် မြို့ COEX Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုနှစ် ကျင်းပပြုလုပ် သည့် ASEAN Trade Fair 2017 သို့အာဆီယံ၁၀နိုင်ငံမှတစ်နိုင်ငံ လျှင် ကုမ္ပဏီ ၁၀ ခုနှုန်းဖြင့် စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီ စုစုပေါင်း ၁၀၀ တို့က ပါဝင်ပြသကြပြီး  တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး နိုင်ငံတကာအစားအသောက်ပြပွဲြ ဖစ်သည့် Food Week နှင့်အတူ တစ်ဆက်တည်းကျင်းပခြင်းဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၅ရက်တွင် ကျင်းပ ခဲ့ပြီးအာဆီယံ-ကိုရီးယားစင်တာ၏ Secretary General ဖြစ်သူ Mr. Kim Young-Sun က တက်ရောက်အဖွင့်အမှာစကားပြောကြားကာ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊စီးပွားရေးသံမှူးများနှင့်အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
         မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ပြခန်း၌ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ထုတ်ဝေထားသည့် လက်ကမ်းစာစောင်များနှင့် သတင်းအချက်အလက်များကို ခင်းကျင်းပြသခဲ့ပြီး မြန်မာနိုင်ငံမှလာရောက်ပြသသည့် ကုမ္ပဏီ များမှ မြန်မာ့ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ လက်ဖက်ခြောက်၊ သစ်သီးဖျော်ရည်၊ အုန်းသီးအဆီမှထုတ်လုပ်သည့် စားသောက်ကုန်နှင့်လူသုံးကုန်များ၊ မြန်မာ့လက်ဖက်နှင့်အကြော်စုံစသည့် မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြ သခဲ့ကြပါသည်။ အခြား အာဆီယံနိုင်ငံများမှလည်း ၎င်းတို့နိုင်ငံများမှ ထွက်ရှိသည့် စားသောက်ကုန်ပစ္စည်းအမျိုးမျိုးကို  ခင်းကျင်းပြသကြပါသည်။ ထို့အပြင် “Aromas of ASEAN” ဆိုသည့်အမည်ဖြင့် အာဆီယံ ၁၀နိုင်ငံမှထွက် ရှိသည့်ကော်ဖီနှင့် လက်ဖက်ခြောက်များကို ခင်းကျင်း ပြသခဲ့ပြီး အာဆီယံနိုင်ငံမှ ကော်ဖီများကို မိတ်ဆက်ပြသခဲ့ပါသည်။
          အဆိုပါ ASEAN Trade Fair 2017 နှင့်အတူ Trade Seminar ကို ထည့်သွင်းကျင်းပခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏ စားသောက်ကုန်တင်သွင်းဖြန့်ဖြူးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို  ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါပြပွဲနှင့်အတူ Business Matching များကိုပါ ထည့်သွင်းပြုလုပ်ခဲ့ပြီး  အာဆီယံနိုင်ငံများမှ လာရောက်ပြသသည့်ကုမ္ပဏီများနှင့် ကိုရီးယားကုမ္ပဏီ/အဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို  ဆွေးနွေးခဲ့ကြ ပါသည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages