ပဲနီလေးနှင့် ပဲစင်းငုံ သွင်းကုန်အခွန်လျှော့ချပေးရန် အိန္ဒိယကုန်သည်များ တောင်းဆို

Wed, 06/10/2020 - 07:58 -- admin_ygn

အိန္ဒိယနိုင်ငံ၌   COVID-19 ဗိုင်းရပ်စ် တားဆီးထိန်းချုပ်‌ရန်အတွက် မတ် ၂၅ ရက်မှစတင်၍ နိုင်ငံတစ်ဝန်းလုံး အသွားအလာများ  ကန့်သတ်တားမြစ်ခဲ့သည့်နောက်ပိုင်း ပြည်တွင်း ဈေးကွက်၌ ပဲနီလေးနှင့် ပဲစင်းငုံတို့၏ သွင်းအားစု လျော့ကျလျက် ဈေးနှုန်း များမြင့်တက်လာခဲ့ရာ အစိုးရအနေဖြင့် ၎င်းပဲများအပေါ် ကောက်ခံလျက်ရှိသည့် သွင်းကုန်အခွန်အား လျှော့ချပေး ရန် အိန္ဒိယကုန်သည်များက တောင်းဆို လျက်ရှိကြသည်။ အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ အစားအစာနှင့် ပြည်သူ့ ဖြန့်ဖြူးမှု ဝန်ကြီးဌာန၏ စာရင်းများအရ ပြည်တွင်း လက်ကားဈေးကွက်၌ Lockdown မစတင်မီက ပဲနီလေး တစ်ကီလိုဂရမ် လျှင် ဈေးနှုန်း ၆၈ ရူပီးရှိရာမှ နှစ်လ အကြာတွင် ၇၆ ရူပီးသို့ မြင့်တက်လာ ခဲ့ကြောင်း၊ အလားတူ ပဲတီစိမ်း တစ်ကီလို ဂရမ်လျှင် ဈေးနှုန်း ၉၇ ရူပီး ရှိရာမှ ၁၁၂ ရူပီးသို့ ရောက်ရှိခဲ့ကြောင်း၊ ပျမ်းမျှဈေး နှုန်းများမှာ ပဲနီလေး၌ ၁၄ရာခိုင်နှုန်း၊ ပဲတီစိမ်းတွင် ၁၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်သည်ကို တွေ့ရှိရကြောင်း၊ ထို့ အတူ မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲတို့၏ ပျမ်းမျှ  ဈေးနှုန်းများသည်လည်း   ၆ ရာခိုင်နှုန်းမှ  ၉ ရာခိုင်နှုန်းအထိ မြင့် တက်ခဲ့ကြောင်း၊ ထိုသို့ ကုန်ချောများ ဈေးနှုန်းမြင့်တက်သော်လည်း ပြည်တွင်း ၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲမျိုးစုံ သီးနှံ ကုန်ကြမ်းများမှာမူ အခြေခံရည်ညွှန်း ဈေးနှုန်း၏ အောက်တွင်သာ ရောင်းဝယ်လျက်ရှိကြောင်း၊ Lockdown ကာလ အတွင်းပြည်တွင်းရှိ ပဲခွဲစက်နှင့် သန့်စင် ထုတ်ပိုးမှုလုပ်ငန်းများ၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်သာ လည်ပတ်လုပ်ကိုင် နိုင်မှုနှင့် သယ်ယူ ပို့ဆောင်ရေး ခက်ခဲမှု များက လက်လီဈေးကွက်၌ ဈေးနှုန်း များ သိသာစွာ မြင့်တက်စေခဲ့ကြောင်း၊ ပြည်တွင်း၌ လက်လီဈေးနှုန်း မြင့်တက် နေမှုကို သက်သာစေရေး အစိုးရအနေ ဖြင့် ပဲနီလေးနှင့် ပဲစင်းငုံတို့ တင်သွင်းမှု အပေါ် သွင်းကုန်ခွန် ၃၃ရာခိုင်နှုန်း နှင့် ၁၀ ရာခိုင်နှုန်း  အသီးသီး လျှော့ချပေး ရန် ပဲတင်သွင်းသည့်ကုန်သည်အချို့က ပြောဆိုလျက်ရှိကြောင်းဖြင့်Business Standard သတင်းဌာနက ဖော်ပြသည်။

 

အိန္ဒိယဗဟိုဘဏ်၏  မေ  ၂၂ ရက်က ငွေကြေးမူဝါဒဆိုင်ရာ ထုတ်ပြန်ချက်တွင် လက်လီဈေးနှုန်းများ မြင့် တက်နေမှုမှာ စိုးရိမ်ဖွယ်ရှိကြောင်း ဖော်ပြ ခဲ့ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Shaktikanta Dasu က ငွေကြေးမူဝါဒနှင့် စပ်လျဉ်း၍ ဖိအားဖြစ် ပေါ်စေသည့် အချက်များအနက် ပဲမျိုးစုံ၏ လက်လီဈေးနှုန်းများ ဖောင်းပွလာမှုမှာ စိုးရိမ်ဖွယ်ရာရှိသဖြင့် သွင်းအားစု စီမံခန့်ခွဲမှုအပိုင်း၌ သွင်းကုန်အပေါ် ကောက်ခံလျက်ရှိသည့် အခွန်နှုန်းထားများအား ပြန်လည်သုံးသပ်ခြင်း အပါအဝင် သင့်လျော်မည့် အစီအမံများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages