ယှဉ်ပြိုင်မှုဆိုတာ ဘာလဲ?

ယှဉ်ပြိုင်မှုဆိုတာဈေးကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအကြား မိမိတို့ရဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုမယ့် ဝယ်ယူသူအရေ အတွက်၊ ဈေးကွက်ဝေစု နဲ့ ဈေးကွက်လွှမ်းမိုးနိုင်မှုပိုမိုရရှိစေဖို့ စီးပွားရေးလုပ်ငန်း များကို အပြိုင်အဆိုင်ပြုလုပ်ကြတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ယှဉ်ပြိုင်ဆောင်ရွက် မှုဖြစ်ပါတယ်။
 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဆိုတာ ဘာလဲ?

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဆိုတာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ ၂၀၁၅ ပါ လုပ်ငန်းတာဝန်များကို ထိန်းကျောင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ဘယ်လိုဖွဲ့စည်းထားတာလဲ ? ဘယ်သူတွေပါသလဲ?

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းထားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဖွဲ့ဝင်များအဖြစ် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနဲ့  အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ စီးပွား ရေးပညာရှင်များ၊ ဥပဒေပညာရှင်များနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ကတော့ ကော် မရှင်အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးတို့ဖြစ်ကြပါတယ်။ 
 

ဈေးကွက်ထဲမှာ မျှတတဲ့ယှဉ်ပြိုင်မှုတွေရှိရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲ?

ဈေးကွက်ထဲမှာ မျှမျှတတယှဉ်ပြိုင်ကြရင် စားသုံးသူတွေအနေနဲ့ ဈေးနှုန်း၊ ကုန်ပစ္စည်းအရည်အသွေး စတာတွေကို ရွေးချယ်စရာတွေ ပိုများလာမယ်၊ ရောင်းချထုတ်လုပ်သူအချင်းချင်း ကုန်ပစ္စည်းကို အပြိုင်အဆိုင်ကောင်းမွန်အောင် ပြုလုပ်လာကြမှာမို့ ပစ္စည်းအရည်အသွေးတွေ တိုးတက်လာမယ်၊ ထုတ်ကုန် အမယ်သစ်တွေကိုလည်း တိုးချဲ့ထုတ်လုပ်လာကြမယ်၊ ကုန်ထုတ်လုပ်မှုတိုးတက် လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း တိုးပွားလာမှာဖြစ်ပါတယ်။
 

ယှဉ်ပြိုင်မှုကိုဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေဆိုတာ ဘာတွေလဲ?

ဈေးနှုန်းညှိနှိုင်းသတ်မှတ်ခြင်း၊ ဈေးကွက်ခွဲဝေရယူခြင်း၊ ထုတ်လုပ်မှုကို ကန့်သတ် ခြင်း၊ လေလံညှိနှိုင်းရယူခြင်း၊ ရောင်းချရန်/ဝယ်ယူရန် ငြင်းပယ်ခြင်း၊ ကုန်ပစ္စည်း များကို အတင်းအကျပ် ပူးတွဲရောင်းချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ပြန်လည် ရောင်း ချသည့်ဈေးနှုန်းများကို ကန့်သတ်ခြင်း၊ ဖြန့်ချိမှုကို ကန့်သတ်မှုများ ပြုလုပ်ခြင်း၊ စျေးကွက်အလိုက်သတ်မှတ်ချက်ပမာဏကိုကျော်လွန်တဲ့ လုပ်ငန်းများ ပူးပေါင်း ခြင်းနှင့် ရယူခြင်း၊ ဈေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားပြုခြင်း၊ လိမ်လည် လှည့်ဖျား၍ ကြော်ငြာရောင်းချခြင်း အစရှိတဲ့အပြုအမူတွေက ယှဉ်ပြိုင်မှုကို ဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေဖြစ်ပါတယ်။
 

ဈေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားလုပ်ခြင်းဆိုတာ ဘာလဲ?

ကုန်ပစ္စည်း/ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းကို ထိန်းချုပ်ထားခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ကုန်ပစ္စည်းထုတ်လုပ်မှုများကို ကန့်သတ်ခြင်း၊ ဈေးကွက် နယ်ပယ်ဧရိယာကို ထိန်းချုပ်ထားခြင်း အစရှိတဲ့အပြုအမူတွေက ဈေးကွက် လွှမ်းမိုးမှုကို အလွဲသုံးစားပြုတဲ့ အပြုအမူများဖြစ်ပါတယ်။
 

ယှဉ်ပြိုင်မှုဥပဒေအရ ဘယ်လိုပြစ်မှု၊ ပြစ်ဒဏ်တွေ ချမှတ်နိုင်လဲ?

မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေပါ ပြစ်မှုအလိုက်ပြစ်ဒဏ်ပုဒ်မတွေအရ အနည်းဆုံး ထောင်ဒဏ် သုံးလ၊ အများဆုံး ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် တစ်သိန်းမှ ငွေဒဏ် သိန်း ၁၅၀ အထိ ချမှတ်နိုင်ပါတယ်။ ထောင်ဒဏ်နဲ့ ငွေဒဏ် ဒဏ်နှစ်ရပ်လုံးကို လည်း ချမှတ်နိုင်ပါတယ်။ 
 

စီမံခန့်ခွဲမှုနည်းလမ်းအရ ဘယ်လိုအရေးယူနိုင်ပါသလဲ?

ယှဉ်ပြိုင်မှုဥပဒေအရ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံး လုပ်နည်းတွေကို ဖောက်ဖျက်ခဲ့ရင် ယှဥ်ပြိုင်မှုကော်မရှင်က သတိပေးဆောင်ရွက် ခြင်း၊ ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ လုပ်ငန်းကို ယာယီ သို့မဟုတ် အမြဲတမ်း ပိတ်သိမ်းစေခြင်း စတဲ့ အရေးယူမှုတွေပြုလုပ်နိုင်ပါတယ်။
 

ယှဉ်ပြိုင်မှုဥပဒေပါ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခံရရင် အယူခံခွင့်ရှိပါ သလား ? ဘယ်လိုအယူခံဝင်ရောက်ရပါသလဲ?

စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခံတဲ့ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ရင် အဲဒီ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုလက်ခံရရှိတဲ့နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သို့ အယူခံဝင်ရောက်ခွင့် ရှိပါတယ်။ ကော်မရှင်ဟာ အဲဒီ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုတာ၊ ပြင်ဆင်တာ ဒါမှမဟုတ် ပယ်ဖျက်တာတွေ လုပ်နိုင်ပါတယ်။  ကော်မရှင်ရဲ့ ဆုံးဖြတ် ချက်ဟာ အပြီးအပြတ်အတည်ဖြစ်ပါတယ်။ 
 

ယှဉ်ပြိုင်မှုဥပဒေပါ တားမြစ်ချက်တွေက ဘာတွေပါလဲ ?

ယှဉ်ပြိုင်မှုဥပဒေပါ တားမြစ်ချက်တွေကတော့


  • ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်တဲ့ ဆောင်ရွက်ချက်တွေ

  • ဈေးကွက်လက်ဝါးကြီးအုပ်တဲ့ ဆောင်ရွက်ချက်တွေ

  • တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်ဆောင်ရွက်ချက်တွေ


အစရှိတဲ့ ဆောင်ရွက်ချက်တွေပဲ ဖြစ်ပါတယ်။