စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

နောက်ခံသမိုင်းအကျဉ်း
ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံတွင် ပြည်သူ့ရိက္ခာထောက်ပံ့ရေး စီမံကိန်းအရ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဌာနကို ၁၉၄၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အခါ ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၁ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ကူးသန်းရောင်းဝယ်ရေးအမည်ဖြင့် လည်းကောင်း၊ ၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ကုန်သွယ်ရေးတိုးတက်ရေးဝန်ကြီးဌာနအဖြစ် လည်းကောင်း ဖွဲ့စည်း၍ ကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်၌ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနနှင့် ပစ္စည်းထောက်ပံ့ရေးဝန်ကြီးဌာန တို့အား ပူးပေါင်း၍ ၁၉၆၂ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၆ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနမှ ထောက်ပံ့ရေးအပိုင်းကို ခွဲထုတ်၍ ကုန်သွယ်မှု တိုးတက်ရေးဝန်ကြီးဌာနသို့ ထည့်သွင်းပြီး ကုန်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။
တော်လှန်ရေးကောင်စီလက်ထက်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကျင့်သုံးခဲ့ရာ ၁၉၆၄ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိကပိုင်လုပ်ငန်း များကို ပြည်သူပိုင်ပြုလုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကုန်သွယ်ရေးကောင်စီကို ဖွဲ့စည်း၍ ကုန်သွယ်ရေးကောင်စီမှအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး အစိုးရအဖွဲ့၏ အတည်ပြုချက်အရ အောက်ဖော်ပြပါ ကုန်သွယ်ရေးအဖွဲ့အစည်းများကို ဖွဲ့စည်း၍ ပြည်တွင်း/ပြည်ပကုန်သွယ်ရေးများကို ဆောင်ရွက်ခဲ့ပါသည် -
(က) ဗဟိုကုန်သွယ်ရေး
( ခ ) ကုန်သွယ်ရေးကော်ပိုရေးရှင်း ၂၂ ခု
( ဂ ) ပြည်နယ်/တိုင်း ကုန်သွယ်ရေး ၁၄ ခု
(ဃ) မြို့နယ်/မြို့မ/ဒေသစိတ်ကုန်သွယ်ရေး ၂၈၃ ခု
( င ) ပြည်သူပိုင်ဆိုင် ၁၉၈၂ ဆိုင်။
၁၉၆၇ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စီးပွားရေးမူဝါဒများအရ ကုန်သွယ်ရေးကော်ပိုရေးရှင်းများကို ပြန်ကျုံ့ကာ အောက်ပါအတိုင်း စီးပွားရေးဆန်ဆန်ပြန်လည်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည် -
(က) ကုန်သွယ်ရေးဦးစီးဌာန
( ခ ) ကုန်သွယ်ရေးကော်ပိုရေးရှင်း ၁၁ ခုနှင့် ယင်းတို့၏ လုပ်ငန်းစု၊ လုပ်ငန်းခွဲများ၊ ဆိုင်များနှင့် စက်ရုံအလုပ်ရုံများ
( ဂ ) ပြည်နယ်/တိုင်း ကုန်သွယ်ရေး ၁၄ ခု။
ယခင်ကုန်သွယ်ရေးဝန်ကြီးဌာနအမည်ဖြင့် ဖွဲ့စည်းခဲ့သော ကုန်သွယ်ရေးဦးစီးဌာနနှင့် ကော်ပိုရေးရှင်း ၁၁ ခုအား ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရောင်းဝယ်ရေး ၆ ခုနှင့် လုပ်ငန်း ၄ ခုတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ တဖန် ၁၉၉၆ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှစ၍ ကုန်သွယ်ရေးဝန်ကြီးဌာနအမည်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟူ၍ ယနေ့အထိ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ယင်းနောက် ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စ၍ ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကုန်ရောင်းဝယ် ရေးနှင့်လုပ်ငန်း ၈ ခုအား ဖျက်သိမ်းခဲ့ပါသည်။ ထို့ပြင် ၂၀၀၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သော ဆန်စပါး မူဝါဒအသစ်အရ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို နိုင်ငံတော် လိုအပ်ချက်နှင့်အညီ ပြုပြင်ဖွဲ့စည်းကာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် ချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ၄ ရပ်ကို ချမှတ်အကောင်အထည် ဖော်လျက်ရှိရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် အညီပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန်လိုအပ်သည့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များကို ပြုပြင်ပြောင်းလဲ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်အောင် စီမံဆောင်ရွက်လျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ လုပ်ငန်းဌာနကြီးများကို ၁-၁-၂၀၁၃ မှ စတင်၍လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားစေရန်အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၅-၃-၂၀၁၃ ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၁၃) အရ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို ကူးသန်း ရောင်းဝယ်ရေးနှင့် စားသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာနအဖြစ်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၃၁-၃-၂၀၁၅ ရက်စွဲပါ အမိန့်အမှတ် (၃၄/၂၀၁၅) အရ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနကို ကုန်သွယ်ရေးဦးစီးဌာနအဖြစ်လည်းကောင်း၊ အမိန့်အမှတ် (၃၅/၂၀၁၅) အရ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနကို ကုန်သွယ် မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းထားရာမှ ၂၈-၃-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၁၆) အရ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအား ဖျက်သိမ်း၍ အမိန့်အမှတ် (၂၂/၂၀၁၆) အရ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ စားသုံးသူရေးရာဦးစီးဌာနနှင့် ၂၈-၃-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၂၃/၂၀၁၆) အရ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့ဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၂၃ - ၁၂ - ၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် (၈၁/၂၀၂၀) အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် မူပိုင်ခွင့်ဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများနှင့်လိုက်လျောညီထွေဖြစ်စေရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အောက်ပါ ဦးစီးဌာနများဖြင့် ဖွဲ့စည်းထားပါသည် -
(က) ဝန်ကြီးရုံး
( ခ ) ကုန်သွယ်ရေးဦးစီးဌာန
( ဂ ) စားသုံးသူရေးရာဦးစီးဌာန
(ဃ) မူပိုင်ခွင့်ဦးစီးဌာန
( င ) မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်(Motto)
"ဖွံ့ဖြိုးကုန်သွယ်၊ နိုင်ငံကြွယ်"
Develop trade, prosper the State
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်
(VISION AND MISSION OF MINISTRY OF COMMERCE)
မျှော်မှန်းချက် (Vision)
“အကျိုးပေါင်းစု ကုန်သွယ်မှုဖြင့် တိုင်းကျိုးပြုအံ့”
Inclusive trade for national development
ရည်မှန်းချက် (Mission)
(၁) အမျိုးသားအကျိုးစီးပွား တိုးတက်မြင့်မားရေးအတွက် ထိရောက်သော ကုန်သွယ်မှုမူဝါဒများချမှတ်ဆောင်ရွက်ရန်၊
(၂) စျေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ရန်၊
(၃) နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင်
ဈေးကွက်ဝေစုပိုမိုရရှိရေးနှင့် အလားအလာရှိသော ပို့ကုန်နှင့်ဝန်ဆောင်မှုများကို ဈေးကွက်ရှာဖွေမြှင့်တင်ရန်၊
(၄) မျှတသည့်ကုန်သွယ်မှု၊ မှန်ကန်သည့်ကုန်သွယ်မှု ဖြစ်ပေါ်စေရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ လျှင်မြန်ချောမွေ့စေရေး
အတွက် ဘက်စုံကြိုးပမ်းဆောင်ရွက်ရန်၊
(၅) စားသုံးသူအခွင့်အရေး ကာကွယ်ရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ပေးရန်၊
(၆) စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရန်၊
(၇) ဒီဂျစ်တယ်ကုန်သွယ်မှု (Digital Trade)ဖြင့် ကုန်သွယ်မှုအသိုက်အဝန်းအတွက် အကျိုးရလဒ်ခံစားနိုင်စေရန်၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ
| စဉ် | လုပ်ငန်းစဉ်များ |
|---|---|
|
၁ |
လယ်ယာစိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများမှ ထုတ်ကုန်များ ပြည်တွင်း/ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာပံ့ပိုးမှုများရရှိရေး ဝန်ဆောင်မှုလုပ်ငန်းများ စီမံဆောင်ရွက်ခြင်း၊ |
|
၂ |
အမျိုးသားပို့ကုန်မဟာဗျူဟာနှင့်အညီ ပို့ကုန်တန်ဖိုးကွင်းဆက် ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်း၊ |
|
၃ |
စံချိန်စံညွှန်းပြည့်မီ၍ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော တန်ဖိုးမြှင့်ထုတ်ကုန်များတိုးမြှင့်တင်ပို့ နိုင်ရေး၊ ပို့ကုန်ပစ္စည်းများအားလုံးအတွက် ခိုင်မာသည့်စျေးကွက်ဝေစုနှင့် ဈေးကွက်သစ်များရရှိရေးဆောင်ရွက်ခြင်းနှင့် လိုအပ်သည့်အသိပညာပေးဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပနိုင်ရေး ဆောင်ရွက်ခြင်း၊ |
|
၄ |
ကူးသန်းရောင်းဝယ်ရေးဆိုင်ရာပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ |
|
၅ |
ပို့ကုန်တိုးမြှင့်ရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့၊ အစုအဖွဲ့နှင့် ဇုန်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခြင်း၊ |
|
၆ |
ကုန်သွယ်မှုဝန်းကျင်ကောင်းဖြစ်စေရေးနှင့် လွတ်လပ်၍မျှတသောယှဉ်ပြိုင်မှုကို အားပေးကူညီနိုင်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ မူဝါဒများနှင့်အညီ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သည့် အစီအစဉ်များချမှတ်ဆောင်ရွက်ခြင်း၊ |
|
၇
|
အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းနှင့် ပို့ကုန်အခြေပြုစက်မှုကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊ |
|
၈ |
ထုတ်ပြန်ပြီးဖြစ်သော မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ လုပ်ငန်းစဉ်များ၊ အာဆီယံဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့တွင် ဆွေးနွေးအတည်ပြုထားသော ဒီဂျစ်တယ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကတိကဝတ်များကို အချိန်နှင့်တစ်ပြေးညီ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အထောက်အကူပြုဆောင်ရွက်ခြင်း၊ |
|
၉ |
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ အထောက်အကူဖြစ်စေရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် ဒီဂျစ်တယ်ကုန်သွယ်မှုလုပ်ငန်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည့် အစီအမံများတွန်းအားပေးဆောင်ရွက်ခြင်း၊ |
| ၁၀ | ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာ ပေးခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကုန်အညွှန်းအမှတ်အသားများစိစစ်ခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မြေပြင်စစ်ဆေးဆောင်ရွက် ခြင်း၊ |
|
၁၁ |
မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ခေတ်မီဒီဂျစ်တယ်နည်းစနစ် များအသုံးပြု၍ မူပိုင်ခွင့်မှတ်ပုံတင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်း၊ အများပြည်သူအားအသိပညာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊ |
|
၁၂ |
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ |
|
၁၃ |
ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များနှင့်အညီ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ဖော်ဆောင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ |
|
၁၄ |
စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အာဆီယံစားသုံးသူကာကွယ်ရေးဆိုင်ရာမဟာဗျူဟာ လုပ်ငန်းစီမံချက်များနှင့်အညီ လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ |
|
၁၅ |
စီးပွားရေးလုပ်ငန်းရှင်များအား စီးပွားရေးဆိုင်ရာကျင့်ဝတ်များ လေးစားလိုက်နာစေရေး ဥပဒေနှင့်အညီ ထိန်းကျောင်းဆောင်ရွက်ခြင်း၊ |
|
၁၆ |
ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုးတိုးမြှင့်ဆောင်ရွက်နိုင်ခြင်းဖြင့် တိုင်းပြည်၏ GDP တိုးတက် စေရေးကို အထောက်အကူပြုဆောင်ရွက်ခြင်း၊ |
| ၁၇ | ပြည်ပပို့ကုန် ၂ ဆ တိုးမြှင့်ပို့နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူထုတ်လုပ်မှု၊ စျေးကွက်ရှာဖွေမှု၊ ပြည်ပတိုးမြှင့်တင်ပို့မှုလုပ်ငန်းစဉ်တစ်ခုလုံး တိုးတက်အောင်မြင်စေရန် ဝိုင်းဝန်းကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊ |
| ၁၈ | တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region One Product - OROP) ဆောင်ရွက်နေသည့် လုပ်ငန်းများမှ ထုတ်လုပ်မှု ၂ ဆ တိုးမြှင့်၍ ပြည်တွင်းရှိ ကုန်ကြမ်း များကို အပြည့်အဝအသုံးပြုထုတ်လုပ်ပြီး ပို့ကုန်တိုးမြှင့်ရေးကို သက်ဆိုင်ရာဌာန/အသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ |
| ၁၉ | အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍမှ ထိရောက်သော ပံ့ပိုးမှုအစီအမံများ၊ နည်းပညာအသုံးပြုမှုမြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊ |
| ၂၀ | ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံကဏ္ဍနှင့် စက်သုံးဆီကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စျေးကွက်/စျေးနှုန်းတည်ငြိမ်စေရေး ထိန်းကျောင်း ဆောင်ရွက်ခြင်း။ |
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးမူဝါဒ (၆) ရပ်
(SIX TRADE POLICY OBJECTIVES OF MINISTRY OF COMMERCE)
(၁) ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ အားလုံးပါဝင်ခွင့်ရှိသော တီထွင်ဆန်းသစ်မှုရှိသည့် စဉ်ဆက်မပြတ်တိုးတက်မှုရယူနိုင်စွမ်းရှိ
သည့် ကုန်သွယ်မှုစနစ်ဖြစ်စေရန်၊
(၂) ပို့ကုန်တိုးချဲ့မြှင့်တင်ရေး ဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ခေတ်မီသတင်း ဆက်သွယ်ရေး
နည်းပညာ (ICT) အသုံးပြု၍ ဆောင်ရွက်သွားနိုင်ရန်၊
(၃) ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့်ပူးပေါင်း၍ ကုန်သွယ်မှုတိုးချဲ့ရေး၊
(၄) ကုန်သွယ်မှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရန်နှင့် ပုဂ္ဂလိကကဏ္ဍစွမ်းဆောင်ရည်မြှင့်တင်ရေးဆောင်ရွက်ရန်၊
(၅) ပြည်တွင်းစားသုံးမှုနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော အရေးကြီးကုန်စည်များ ဖူလုံရေးအတွက်
ကုန်သွယ်မှုရှုထောင့်ဖြင့် ထိန်းညှိဆောင်ရွက်ရန်၊
(၆) နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်စေနိုင်သော တီထွင်ဆန်းသစ်မှုနှင့်
ဖန်တီးမှုများကို မြင့်မားတိုးတက်လာစေမည့် မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရန်၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးအခြေခံမူ (၃)ရပ်
(၁) ကုန်သွယ်မှုလုပ်ငန်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုရန်၊
(၂) ကုန်သွယ်မှုလုပ်ငန်းများသည် ပြည်သူများအပေါ် ဖိစီးမှုမဖြစ်စေရန်၊
(၃) ကုန်သွယ်မှုလုပ်ငန်းများကို ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ချက်ဖြင့် ရှေးရှုဆောင်ရွက်ရန်။
