OGL အကြောင်း သိကောင်းစရာ

 

အထွေထွေခွင့်ပြုမိန့် (Open General License - OGL) လျှောက်ထားခြင်းအကြောင်း သိကောင်းစရာများ


အထွေထွေခွင့်ပြုမိန့်ကို တာဝန်ခံကျင်းပသည့်ဌာန/ အဖွဲ့အစည်း/ တာဝန်ခံစီစဉ်ကျင်းပသူ က ကုန်စည်ပြပွဲတွင် ပါဝင်ပြသသူအားလုံးကိုယ်စားစုပေါင်း၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူပြီး (၁) လ ကြိုတင် လျှောက်ထားရမည်။ အထွေထွေခွင့်ပြုမိန့် (OGL) ပုံစံကို လျှောက်ထားလိုသူအနေဖြင့် https://mitc.Myantrade. gov.mm/ တွင် Download ရယူလျှောက်ထားနိုင်သည်။ အထွေထွေခွင့်ပြုမိန့် (OGL) လျှောက်ထားရာတွင် တင်ပြရမည့် စာရွက်စာတမ်း အထောက်အထားများမှာ အောက်ပါ အတိုင်းဖြစ်သည်-
           (က)    မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွန်ကြားရေးမှူးချုပ်ထံလိပ်မူ၍ လျှောက်လွှာ (Company Letterhead ဖြင့်)
           ( ခ )   အွန်လိုင်းလျှောက်လွှာ       
           ( ဂ )   ထုတ်ကုန်/သွင်းကုန် မှတ်ပုံတင် (မိတ္တူ)
           (ဃ)    တင်သွင်းပြသမည့်ပစ္စည်းစာရင်း (Invoice)
အထွေထွေခွင့်ပြုမိန့်(OGL) လျှောက်ထားရာတွင် ထောက်ခံချက်များ ပူးတွဲ တင်ပြရန် လိုအပ်သည့် ပစ္စည်း အမျိုးအစားများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံချက်များကို ပူးတွဲတင်ပြရမည်။ ထောက်ခံချက် ရယူရန် လိုအပ်သော ပစ္စည်းအမျိုးအစားများနှင့် ထောက်ခံချက် ထုတ်ပေးမည့် ဝန်ကြီးဌာနများစာရင်းမှာ အောက်ပါ အတိုင်းဖြစ်သည်-                                                                                                                     

 

 

ထောက်ခံချက်ယူရမည့်ပစ္စည်း ထောက်ခံချက်ယူရမည့်ဝန်ကြီးဌာန
မူးယစ်ဆေးဝါး(သို့) စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများထုတ်လုပ်ရာ၌ အသုံးပြုသည့် ဓါတုဗေဒပစ္စည်း (၂၆) မျိုး ပြည်ထဲရေးဝန်ကြီးဌာန
နိုင်ငံခြားရုပ်ရှင်ကားများ  ပြန်ကြားရေးဝန်ကြီးဌာန
တဲလက်စ်၊ ဖက်စ်၊ တယ်လီဖုန်းများအပါအဝင် ဆက်သွယ်ရေးပစ္စည်းများ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ပုဇွန်သားပေါက်နှင့် ပုဇွန်အားဆေး၊ ငါးအစာများ၊ Alive Fish၊ ငါးဖမ်းရေယာဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
တိရစ္ဆာန်ဆေး၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ တိရစ္ဆာန်များ ခွဲစိတ်ကုသရာတွင် အထောက်အကူပြု ပစ္စည်းများ (Transit Trade စနစ် အပါအဝင်) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပိုးသတ်ဆေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မျိုးစေ့နှင့် ဓာတ်မြေဩဇာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ ဆံပင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
စားသောက်ကုန်ပစ္စည်းများ ကျန်းမာရေးနှင်း အားကစားဝန်ကြီးဌာန သို့မဟုတ် နိုင်ငံတကာအသိအမှတ်ပြု PDF လက်မှတ်
ရေယာဉ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန


အထွေထွေခွင့်ပြုမိန့်ဖြင့် တင်သွင်းလာသောပစ္စည်းများကို ကုန်စည်ပြပွဲအတွင်း ပြသခြင်း၊ ရောင်းချခြင်း၊ နမူနာအဖြစ် အခမဲ့ ဖြန့်ဝေခြင်း၊ ကျန်ရှိပစ္စည်းများကို ပြန်လည်တင်ပို့ခြင်း ဆောင်ရွက်နိုင်သည်။ ဆောင်ရွက်လို သည့်လုပ်ငန်းကို အထွေထွေခွင့်ပြုမိန့် လျှောက်ထားစဉ်ကပင် ဖော်ပြလျှောက်ထားရမည်။ ပြသရုံ သက်သက်သာခွင့်ပြုသော ပစ္စည်းများကို ရောင်းချခွင့်မပြု။
ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများ၊ ဆွေးနွေးပွဲများတွင် ခင်းကျင်းပြသရန် ကုန်ပစ္စည်းများ တင်သွင်း/တင်ပို့ခြင်း အတွက် အထွေထွေခွင့်ပြုမိန့် (OGL) တစ်စောင်၏ ဝန်ဆောင်ခနှုန်းထားများ မှာအောက်ပါအတိုင်းဖြစ်ပါသည်-
           (က)    အထွေထွေခွင့်ပြုမိန့် (Inbound)              -         ၅၀၀၀၀ ကျပ်
           ( ခ )   အထွေထွေခွင့်ပြုမိန့် (Outbound)            -         ၅၀၀၀၀ ကျပ်
အထွေထွေခွင့်ပြုမိန့် (OGL) ကို  ကုန်စည်ပြပွဲပြီးဆုံးပြီး(၁)လအတွင်း  မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့သို့ အခွန်ရှင်းလင်းမှုမှတ်တမ်းများနှင့်အတူပြန်လည် ပေးအပ်ရမည်။