ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဆိုင်ရာကိစ္စရပ်များ

၁။    မြန်မာနိုင်ငံတွင် Digital Economy အောင်မြင်စွာပေါ်ထွန်းလာရေးအတွက် ဦးဆောင်ပံ့ပိုးပေး ရန်ရည်ရွယ်၍ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee – DEDC) ကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။  ၂၀၂၁ ခုနှစ်၊           ဇူလိုင်လ ၇ ရက်တွင် ဒုတိယအကြိမ်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် တတိယအကြိမ် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ 
၂။        ထို့နောက် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၆၈/၂၀၂၃) ဖြင့် စတုတ္ထအကြိမ်မြောက် အသစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ 
၃။        အဆိုပါ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီတွင်ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးက နာယက အဖြစ် လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဌ အဖြစ် လည်းကောင်း၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူး-၁ အဖြစ် လည်းကောင်း တာဝန်ယူ၍ အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍတို့မှ အဖွဲ့ဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းထားပါသည်။  
၄။        ထိုသို့အသစ်ဖွဲ့စည်းခဲ့ပြီးနောက် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊     ဇူလိုင်လ ၂၈ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင်လည်းကောင်း ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ နာယက နှင့် ဥက္ကဋ္ဌ တို့ဦးဆောင်၍ ကျင်းပခဲ့ပြီး၊ မြန်မာ့ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။  
၅။        ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ စုစုပေါင်း အစည်းအဝေး ကျင်းပပြီးစီးမှုအနေဖြင့် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇ ခုနှစ်မှ စ၍ ၂၀၂၄ ခုနှစ်၊ ဇွန်လထိ စုစုပေါင်း ၆ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် ၁ ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ၂ ကြိမ်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ၁ ကြိမ်၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ၁ ကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၁ ကြိမ် စုစုပေါင်းအနေဖြင့် ၆ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါသည်။
၆။    ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီတွင် လုပ်ငန်းတာဝန် ၁၁ ရပ်ရှိပြီး အဓိက အားဖြင့် Digital Economy Development Master Plan ရေးဆွဲခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုး ထောင်ခြင်း၊ နိုင်ငံတကာရှိ Digital Company များဖိတ်ခေါ်ခြင်းနှင့် လိုအပ်သည့် မူဝါဒများ ချမှတ်ရာတွင် လည်းကောင်း၊ ဥပဒေရေးဆွဲရာတွင်လည်းကောင်း အကြံပေးခြင်း စသည်တို့ဖြစ်ပါသည်။ 
၇။    ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၃) အရနှင့် လုပ်ငန်းလိုအပ်ချက်များရ လုပ်ငန်းကော်မတီများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၂၄) အရ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ အောက်တွင် အောက်ပါ လုပ်ငန်းကော်မတီ ၅ ခု ရှိပါသည် -
    (က) ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော်မတီ၊
    ( ခ ) Digital Trade နှင့် e-Commerce ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းကော်မတီ၊ 
    ( ဂ ) MSME လုပ်ငန်းများနှင့် ဦးစားပေးကဏ္ဍများ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ၊
    (ဃ)  ဒီဂျစ်တယ်စီးပွားရေးအခြေခံအဆောက်အဦနှင့် ဆိုက်ဘာလုံခြုံရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊             
    ( င )  ဆန်းသစ်တီထွင်မှုနှင့် ဒီဂျစ်တယ်အတတ်ပညာမြှင့်တင်ရေး လုပ်ငန်းကော်မတီ။ 
၈။    ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ၏ ဆုံးဖြတ်ချက်အရ DEDC Joint Task Force ကို အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။  DEDC Joint Task Force ၏ ဥက္ကဌအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် က  တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ DEDC Joint Task Force တွင် သက်ဆိုင်ရာဝန်ကြီးဌာနများက နည်းပညာဆိုင်ရာ ညွှန်ကြားရေးမှူးအဆင့် ကိုယ်စားလှယ်များ နှင့် မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ Myanmar Digital Economy Association-MDEA တို့မှ ကိုယ်စားလှယ်များ ပါဝင် ပါသည်။
၉။    DEDC၊ Joint Task Force သည် ၎င်း၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သော မြန်မာဒီဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ (Myanmar Digital Economy RoadMap) အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် ၉ ရပ်နှင့်လည်းကောင်း၊ ဒေသတွင်း အာဆီယံ (ASEAN)နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization-WTO)တို့ တွင် ဆွေးနွေးသဘောတူညီချက်များနှင့် လည်းကောင်း ကိုက်ညီ၍ ယနေ့ခေတ်ကာလအခြေအနေတွင် အမှန်တကယ် လက်တွေ့ကျကျ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်မည့်လုပ်ငန်းစဉ်များအဖြစ် ပြန်လည်ပြင်ဆင်ရေးဆွဲခြင်းလုပ်ငန်းကို  ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။
၁၀။    မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (အပြီးသတ်မူကြမ်း) ကို ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ နာယက ၏ လမ်းညွှန်မှုများနှင့်အညီ ပြင်ဆင်ရေးဆွဲထားပြီးဖြစ်ပြီး ထုတ်ပြန်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ 
၁၁။    ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ပုံမှန်အစည်းအဝေးများကို ၆ လလျှင် တစ်ကြိမ် (သို့မဟုတ်) ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ နာယက နှင့် ဥက္ကဋ္ဌ တို့ ခွင့်ပြုသည့်အချိန်တွင် ကျင်းပလျက်ရှိပြီး၊ လုပ်ငန်းကော်မတီများ၏ ပုံမှန်အစည်းအဝေးများကို ၃ လ လျှင် တစ်ကြိမ် (သို့မဟုတ်) လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ ခေါ်ယူကျင်းပဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ 


သတင်းအချက်အလက်နည်းပညာဌာနခွဲ၊ ကုန်သွယ်ရေးဦးစီးဌာန