(၄၃) ကြိမ်မြောက် အာဆီယံ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းမှုကော်မတီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ခြင်း

Mon, 11/20/2023 - 10:22 -- regionaldep

      (၄၃) ကြိမ်မြောက် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာညှိနှိုင်းမှုကော်မတီအစည်းအဝေး (43rd meeting of the coordinating committee on the implementation of the ATIGA (43rd CCA) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်‌နေ့တွင်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ်တာဝန်ခံကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှတာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

     အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်(၃၂)ဦးသည် video conferencing စနစ်ဖြင့် ပါဝင်တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂) ဦးသည် အကောက်ခွန်ဦးစီး ဌာနမှ ကိုယ်စားလှယ်များနှင့်အတူ video conferencing စနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

     အစည်းအဝေးတွင် အာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများ၏ လမ်းညွှန်ချက်များအရ ၂၀၂၃ ခုနှစ်အတွက် CCA ၏ လုပ်ငန်းများနှင့် ဦးစားပေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံ ကုန်စည်ကုန်သွယ်ရေးသ‌ဘောတူစာချုပ်ပါ အချက်အလက်များအနက် အကောက်ခွန်လျှော့ချမှုအစီအစဉ်ဇယား (Tariff Reduction Schedule –TRS) အား AHTN 2017 မှ 2022 သို့ ကူးပြောင်းချိတ်ဆက်ခြင်း၊ ပင်ရင်းနိုင်ငံစည်းမျဉ်း (rules of origin) ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုဆိုင်ရာစာရင်းအင်းများ (Trade Statistics) ဆိုင်ရာကိစ္စရပ်များစသည့်အချက်များကို အဓိကထား၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

   အဆိုပါအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခြင်း၊ အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယားနှင့်ပတ်သက်၍ နှုန်းထားများ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ အကောက်ခွန်သက်သာခွင့်ကိစ္စရပ်များအား ပွင့်လင်းမြင်သာရှိခြင်းနှင့် ကုန်သွယ်မှုအချက်အလက်များ အား ပွင့်လင်းမြင်သာမှုရှိစေခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိပါသည်။