ပြင်ဦးလွင်မြို့၌ ကော်ဖီသီးနှံများ ထွက်ပေါ်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကော်ဖီသီးနှံစိုက်ပျိုးမှုအနေဖြင့် စိုက်ဧက ၁၀,၃၇၈ ဧကရှိကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများအရ သိရသည်။
ကော်ဖီသီးနှံကို မေ၊ ဇွန်နှင့် ဇူလိုင်လတို့တွင် စတင်စိုက်ပျိုးပြီး ၃-၄ နှစ်ခန့်အကြာတွင် ကော်ဖီသီးများ စတင်သီး၍ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အသီးများခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ပင်ကြားတန်းကြား ၄ ပေ အကွာအဝေးဖြင့် စိုက်ပျိုးရပြီး တစ်ဧကလျှင် ကော်ဖီ အပင်ရေ ၁,၃၆၀ ခန့် စိုက်ပျိုးနိုင်ကြောင်း၊ ကော်ဖီသီးနှံ စိုက်ပျိုးရာတွင် ကုန်းမြင့်ကော်ဖီနှင့် မြေနိမ့် ကော်ဖီဟူ၍ ခွဲခြားစိုက်ပျိုးကြကြောင်း၊ ကုန်းမြင့်ကော်ဖီမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃,၀၀၀ ကျော်တွင် စိုက်ပျိုးဖြစ်ထွန်းပြီး မြေနိမ့်ကော်ဖီမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၀၀၀ တွင်သာ စိုက်ပျိုးနိုင်ကြောင်း၊ ပြင်ဦးလွင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃,၀၀၀ ကျော်တွင် တည်ရှိသောကြောင့် ကုန်းမြင့်ကော်ဖီဖြစ်သော အာရေးဗီးကားကော်ဖီမျိုးများကို အဓိက ထား စိုက်ပျိုးကြကြောင်း တစ်ဧကလျှင် ပိဿာချိန် ၁၅၀ ခန့်ထွက်ရှိပြီး တောင်ကြီး၊ ရွာငံ၊ ကလော၊ ပြင်ဦးလွင်မြို့များရှိ ပွဲစားများမှ စိုက်ခင်းအရောက် လာရောက်ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။
DOCA (မန္တလေး)