ရုံးပတီသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးရန်လွယ်ကူသော ရုံးပတီသီးကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာ ကြကြောင်း သိရသည်။
ရုံးပတီသီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်၍ စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် စတင်ခူးဆွတ်ရ ကြောင်း၊ မျိုးအနေဖြင့် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများဖြစ်ပြီး ပင်လတ်ရုံးပတီမျိုးများကို အများ ဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တန်းခြား ၂ ပေ၊ ပင်ခြား ၁ ပေခွဲထား၍ ဘောင်ခတ်စနစ် ဖြင့် စိုက်ပျိုးရပြီး ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ် ဧကလျှင် စုစုပေါင်းငွေကျပ် ၁,၂၂၂,၀၀၀ ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးကို တစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ဧကလျှင် စုစုပေါင်း ရုံးပတီသီးအတောင့်ရေ ၁၂၈,၀၀၀ တောင့်ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူသည့်အပြင် ပဲခူးမြို့သို့လည်း တင်ပို့ရောင်းချကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၈ သိန်း ကျော်ခန့်ရရှိ ကြောင်း၊ ယခုနှစ်တွင် ရေကြီးနစ်မြုပ်မှုများကြောင့် အထွက်နှုန်းများလျော့နည်းခဲ့ကြောင်း၊ ရုံးပတီသီး သည် စိုက်ပျိုးရလွယ်ကူပြီး အကျိုးအမြတ်ရရှိသောကြောင့် တောင်သူများအနေဖြင့် မိသားစု အပိုဝင် ငွေရရှိကြောင်း သိရသည်။
DOCA (ပဲခူး)