ခဝဲသီးစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာနှင့် စားဖိုဆောင်သီးနှံများ စသည်ဖြင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ခဝဲသီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုး ရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။
ခဝဲသီးကို အစိုဓာတ်ကောင်းမွန်သော ဇွန်လနှင့် ဇူလိုင်လတို့တွင် အများဆုံးစိုက်ပျိုးကြပြီး နှစ်လခွဲခန့်အကြာတွင် ရောင်းတန်းဝင် ခဝဲသီးများ စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ ခဝဲရှည် (ထိုင် ဝမ်) မျိုးနှင့် ခဝဲပု(ဗမာ)မျိုးဟူ၍ရှိရာ ခဝဲရှည်(ထိုင်ဝမ်)မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ခဝဲသီးများကို ဘောင်ခတ်၍ စင်တင်စနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၅–၆ ထုပ်ခန့် ကုန်ကျကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၅ သိန်း ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ခဝဲသီးပိဿာချိန် ၂,၀၀၀ ခန့်ထွက်ရှိကာ ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ကျောက်ဆည်မြို့သို့ တင်ပို့ရောင်းချကြ ကြောင်း၊ ခဝဲသီးစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး အကျိုးအမြတ်များရရှိကြောင်း ခဝဲသီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။