မတ်လဆန်း ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်း အဝင်ပါးသွားပေမယ့် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးသီးနှံများ အဝင်များပြီး အရောင်းသွက်ခဲ့

Tue, 03/08/2016 - 09:18 -- admin_ygn

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း ပဲသစ်များအားလုံးလိုလို ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေပြီး ဝင် ရောက်မှုပမာဏလည်း များခဲ့ပေမယ့် ဆောင်းပဲတီစိမ်းသီးနှံကတော့ အဝင်ပါးသွားတာကြောင့် ယခုမတ်လဆန်းမှာ အရောင်းအဝယ် နေ့စဉ်မဖြစ်တော့ဘဲ ရက်ခြားသာ အိတ် ၂၀၀ ကျော် မန္တလေးဝယ်လက်မှ ဝယ်ယူနေခဲ့တယ်လို့ သိရ ပါတယ်။ မတ်ပဲသီးနှံကတော့ နယ်စုံတွင် ရိတ်သိမ်းနေပြီဖြစ်လို့ ဈေးကွက်သို့လည်း အိတ် ၅၀၀ကျော်အထိ ယခုတစ်ပတ် တွင် နေ့စဉ်ဝင်ရောက်လာသလို ရန်ကုန်ဝယ်လက်မှလည်း ဝယ်ယူခဲ့တဲ့အတွက် အရောင်းအဝယ်သွက်နေခဲ့တာကို တွေ့ရပါတယ်။ ပဲသစ်ပေါ်စတွင် ကျပ်ငါးသောင်းခန့်ရရှိသော်လည်း ပဲအဝင်များလာတာနဲ့အမျှ ပဲဈေးနှုန်းကလည်း လျော့သွားခဲ့တဲ့အတွက် တစ်တင်း ၄၄၂၀၀ ကျပ်သာ ယခုမတ်လဆန်းရက်မှာ ရရှိခဲ့လို့ လှောင်သမားအချို့လည်း ဝယ်ယူနေကြကာ ဝင်လာသမျှပဲအားလုံး အရောင်းအဝယ်သွက်ခဲ့ပါတယ်။
ပဲစင်းငုံသီးနှံမှာလည်း မတ်ပဲထက် ပဲအဝင်ပိုသွားခဲ့လို့ အိတ် ၇၀၀ ကျော် ၈၀၀ ထိ ပန်းတောင်း၊ ပေါင်းတလည်၊ မင်းတုန်း၊ ကံမဘက်မှ နေ့စဉ်ဝင်ရောက်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်မှ ယခုသီတင်းပတ်မှာ ဈေးပိုပေးဝယ်ယူခဲ့လို့ တစ်တင်း ၄၂၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ်ပိုလာသော်လည်း မတ်ပဲဈေးကိုတော့ မမှီခဲ့ဘဲ အရောင်းအဝယ်ဖြစ်မှုပမာဏကတော့ ယခုမတ်လဆန်းအတွင်း  ပဲစင်းငုံသီးနှံမှာ မတ်ပဲသီးနှံထက် အရောင်းအဝယ် ပိုသွက်နေခဲ့ကြောင်း သိရပါတယ်။
ကုလားပဲသီးနှံကလည်း ပန်းတောင်း၊ ကံမ၊ မင်းတုန်းဘက်မှ ဝင်ရောက်ခဲ့တဲ့အတွက် အိတ် ၃၀၀ ကျော် အဝင် ရှိခဲ့ကာ အရောင်းအဝယ်ကတော့ ခွဲစက်သမားများအဓိကထား ဝယ်ယူနေကြတာကြောင့် အိတ် ၃၀၀ ကျော် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့လို့ ပဲဈေးနှုန်းကလည်း တစ်တင်း ကျပ်လေးသောင်းအောက်လျော့သွားပြီး ယခင်လကုန်ပတ် ဈေးထက်လျော့နည်းခဲ့ပါတယ်။ လကုန်ပတ်တွင် ကုလားပဲသီးနှံ တစ်တင်း ၄၇၅၀၀ ကျပ်အထိ ဈေးကောင်းရ ခဲ့တာကြောင့် ပြည်ပဝယ်လက် မတ်ပဲ၊ ပဲစင်းငုံနည်းတူ ယခုနှစ်မှာ ဈေးကောင်းရခဲ့တဲ့ နှစ်ဖြစ်ခဲ့ပါတယ်။
ပဲကြီးသီးနှံမှာ  ပဲအဝင်များလာတဲ့အတွက် အိတ် ၆၀၀ ကျော် ၇၀၀ အဝင်ရှိကာ ပဲကြော်ဖိုသမားရော၊ လှောင်ပဲ သမားများပါ ဝယ်ယူလို့ အိတ် ၉၀၀ ကျော် ၁၀၀၀ နီးပါးအထိ အရောင်းအဝယ်သွက်ခဲ့တာကို တွေ့ရပါတယ်။ ပဲဈေး ကတော့ ဈေးငြိမ်လျက်ရှိကာ ဖေဖော်ဝါရီ ကုန်ဈေးအတိုင်း (ရွှေကျွန်း) တစ်တင်း ၂၄၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၂၀၀၀ ကျပ်ဖြင့် ဈေးငြိမ်ခဲ့လို့ ကုလားပဲသီးနှံထက် ဈေးသိသိသာသာ လျော့နည်းခဲ့ပါတယ်။ ယခင်နှစ်က မတ်လဆန်း ပိုင်းတွင် ပဲကြီးဈေးမှာ ယခုနှစ်နည်းတူ ကျပ်နှစ်သောင်းကျော် ရရှိခဲ့ပေမယ့်  ကုလားပဲသီးနှံကတော့ ယခင်နှစ်က မတ်လ အတွင်း တစ်တင်း ကျပ်နှစ်သောင်းအောက်သာရရှိလို့ ပဲကြီးသီးနှံထက် ဈေးလျော့ခဲ့ပါတယ်။
ယခုနှစ်ကတော့ ကုလားပဲသီးနှံဟာ ဈေးမြောက်တက်လာလို့ ပဲကြီးသီးနှံဈေးအေးပေမယ့် ကုလားပဲသီးနှံဈေး တစ်စထက်တစ်စ ဈေးကောင်းခဲ့တဲ့ ပဲဖြစ်နေခဲ့ပါတယ်။ လက်လီသမားများနဲ့ အများဆုံး အရောင်းအဝယ်ဖြစ်တဲ့ ပဲတွေ ထဲမှာ ပဲလွန်းဖြူသီးနှံ အဝင်နည်းလို့ ဈေးလဲလျော့ သွားကာ တစ်တင်း ၂၃၀၀၀ ကျပ်ရရှိပြီး ပဲနီပြားသီးနှံအသစ်အဝင်များလို့ အိတ် ၁၀၀ ကျော်ဝင်ရောက်ခဲ့သလို ဈေးကလည်း လျော့သွားတဲ့အတွက် တစ်တင်း ၂၇၀၀၀ ကျပ်ရရှိခဲ့ကြောင်း သိရ ပါတယ်။    
ခင်ဆွေဝင်း -ပြည်

 

Local Trade News

Pages