မကွေးခရိုင်၊ ပုထိုးစမ်းကျေးရွာ၌ မိုးမြေပဲများ အောင်မြင်စွာ စိုက်ပျိုးလျက်ရှိ

Wed, 06/19/2024 - 03:57 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မကွေးမြို့နယ်၊ မကြီးကန် ကျေးရွာအုပ်စုရှိ ပုထိုးစမ်း ကျေးရွာသည် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့်ပဲစဉ်းငုံသီးနှံများကို အဓိက စိုက်ပျိုးလျက်ရှိ ကြောင်း၊ မြေပဲစိုက်တောင်သူဦးရေမှာ ၆၀ ဦးခန့်ရှိပြီး စုစုပေါင်း ၄၀၀၀ ဧက နီးပါးခန့် စိုက်ပျိုးထားရှိ ကြောင်းသိရသည်။

   မြေပဲကို မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး မိုးမြေပဲကို မေလ၊ စတုတ္ထပတ်တွင် စတင်စိုက်ပျိုးကာ ရက်ပေါင်း ၈၀ အကြာတွင် ခူးဆွတ်ရကြောင်း၊ မိုးမြေပဲစိုက် တောင်သူများသည် မိုးရေကိုသာ အဓိကထား စိုက်ပျိုးရခြင်းဖြစ်သောကြောင့် ရာသီဥတုဖောက်ပြန် သောနှစ်များတွင် သီးနှံအထွက်နှုန်း လျော့နည်းနိုင်ကြောင်း၊ စိုက်ပျိုးမည့်မျိုးကို တောင်သူအချင်း ချင်းထံမှ တစ်ပြည်လျှင် ငွေကျပ် ၉,၀၀၀ စျေးနှုန်းဖြင့်ဝယ်ယူရပြီး တစ်ဧကလျှင် မျိုး ၂ တင်းခန့် အသုံးပြုရကြောင်း၊ စိုက်ပျိုးရာတွင် ထွန်‌ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးမှုအတွက် ငွေကျပ် ၇၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် ယခင်နှစ်က တစ်ဧကလျှင် တင်း ၁၀၀ နီးပါးထွက်ရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်၍ အထွက်နှုန်းကောင်းမွန်ပါက အကျိုး အမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages